စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်၄၀၀ကို ရိက္ခာထုပ်လှူဒါန်းနိုင်ရန် ကမ်ပိန်းပြုလုပ်နေ ကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကောလင်း၊ ဒီပဲယင်းနှင့် ဆာလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၀စီကိုလှူဒါန်းရန်အတွက် ရိက္ခာထုပ်ကမ်ပိန်းအားစက်တင်ဘာ၁ရက်နေ့ မှ ၇ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ ကျပ်သိန်း၂၀၀ ရရှိရန် မျှော်မှန်းထားသော်လည်း သိန်း၈၀ ခန့်သာ ရရှိ သေးကြောင်း A Nya Ta Ya (အညတရ) အဖွဲ့ထံက သိရသည်။
” နေရာ ၄ခုကို ရိက္ခာထုပ် ၁၀၀စီမျှဝေသွားမှာပါ။ သက်ဆိုင်ရာနယ်မြေက တပ်ရင်းမှူးတွေ၊ တချို့နေရာမှာ နယ်မြေခံရဲဘော်တွေကနေတစ်ဆင့် ဖြန့်ဝေသွားမှာပါ” A Nya Ta Ya တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။
ရိက္ခာထုပ်တွင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ စည်သွတ်ဘူး နှင့် ဆေးဝါးလိုအပ်ချက်ရှိသည့်ဒေသများအတွက်ဆေးဝါးများထည့်သွင်းပေးသွားမည်ဖြစ်ကာ တန်ဖိုးအားဖြင့် ကျပ်၅သောင်းနှုန်းရှိကြောင်းသိရသည်။
ရိက္ခာတစ်ထုပ်စာ ကျပ်၅သောင်းကျပ်နှုန်း ရည်စူးကာထည့်ဝင်နိုင်ပြီး ရိက္ခာတစ်ထုပ်စာမပြည့်လည်း အနည်းဆုံးကျပ်၂သောင်းမှစ၍ ထည့်ဝင်နိုင်ကြောင်း အညတရ ကထုတ်ပြန်ထားသည်။