ကယား(ကရင်နီ)ပြည်နယ်အခြေစိုက် KNDF တပ်ရင်းအမှတ် ၁၉ မှ ကျဆုံးသွားသည့် ရဲဘော်အောင်နေထူး (ခ) နယ်နယ်အား အာဇာနည် သူရဲကောင်းအဖြစ် ယနေ့(စက်တင်ဘာ ၁ရက်) တွင် ဂုဏ်ပြုသတ်မှတ် ခဲ့ကြောင်း KNDF တပ်ရင်းအမှတ်(၁၉)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့ က ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ တစ်နေရာတွင် စစ်ကောင်စီတပ်နှင့် KNDF – B19 နှင့် မဟာမိတ်တပ်များ ထိတွေ့မှုဖြစ်ပွားစဉ် ရဲဘော်အောင်နေထူး(ခ)နယ်နယ်သည် ကျည်ထိဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း KNDF – B19 ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဩဂုတ် ၃၀ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ရင်း ကျဆုံးသွားတာပါ။ရှေ့တန်းတစ် နေရာမှာပဲ” ဟု ၎င်းက ပြောသည်။
KNDFတပ်ရင်းအမှတ် (၁၉) အနေဖြင့် ကျဆုံးရဲဘော်အောင်နေထူး(ခ)နယ်နယ်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့်အတွက် ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းပူဆွေးရကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
“ ကျဆုံးရဲဘော်နဲ့ပတ်သက်ပြီး များစွာဝမ်းနည်းရပါတယ်။သဝဏ်လွှာပေးပို့တာတွေလည်းရှိပါတယ်။ရိုးရာဓလေ့အတိုင်း မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်” ဟု KNDF – B19၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဩဂုတ် ၃၁ ရက်တွင်လည်း စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။