TNLAတပ်ဖွဲ့ဝင်များ စခန်းချနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ၊ စယ်လန့်ကျေးရွာသို့ စစ်ကောင်စီမှ လက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကူညီသူများထံမှ သိရသည်။
မနေ့က မွန်းလွဲလောက်တည်းက ပစ်တာ။ ရွာထဲမှာက TNLAတပ်ဖွဲ့တွေ စခန်းချထားတာရှိတော့ စစ်ကောင်စီက ပစ်တာဖြစ်နိုင်တယ်။ လေယာဉ်တွေလည်း ပါတယ်။ သူတို့က တောက်လျှောက်ပစ်နေတော့ ရွာထဲမှာ ပိတ်မိတဲ့ ရွာသားတွေလည်းရှိတယ်။ အမျိုးသား ၃ယောက်တော့ လက်နက်ကြီးထိမှန်တယ်။ သူတို့ သုံးယောက်လုံးကို နမ့်ခမ်းဆေးရုံကိုတော့ ပို့ထားတယ်။ တစ်ယောက်ကတော့ တော်တော်လေးကို ဒဏ်ရာ ပြင်းထန်တယ်ဟု ဒေသတွင်း ကူညီပေးသူတစ်ဦးက MPA သို့ ပြောသည်။
ယမန်နေ့( ဩဂုတ် ၂၉ရက်)နေ့ မနက်ပိုင်းမှစတင်ကာ စယ်လန့်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပြီး နေအိမ် မီးလောင် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်းလည်းသိရသည်။
နှစ်ဘက် အပြန်အလှန် ထိတွေ့ပြီး တိုက်ပွဲက ပြင်းထန်ခဲ့တာ။ လက်နက်ကြီးတွေနဲ့လည်း စစ်ကောင်စီဘက်ကပစ်တော့ အဲ့ဒီလက်နက်ကြီးတွေက အိမ်တွေပေါ်ကျတာကြောင့် အိမ်တစ်လုံးကတော့ မီးလောင်ပြီး ပြာကျခဲ့တယ်။ နောက်ပြီး ၁၀လုံးနီးပါးကတော့ ပျက်စီးသွားတယ် ဟု ဒေသတွင်း ကူညီပေးသူတစ်ဦးက MPA သို့ ထပ်မံပြောသည်။
ထို့ပြင် ဩဂုတ် ၂၉ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင်လည်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ်များပါ အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ အဆောက်အအုံများအပါအဝင် ကျေးရွာအတွင်းရှိ လွယ်တေးမိန်း ဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အခုကတော့ စစ်ရေးတင်းမာနေပြီ။ ရွာထဲမှာ ပိတ်မိနေတဲ့ အချို့ရွာသားတွေလည်း အခြေအနေကို ကြည့်နေရတာပေါ့။ ရွာသား ၁၀၀ ဝန်းကျင်လောက်ကတော့ နမ့်ခမ်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတယ်။ ရွာထဲမှာက TNLAတပ်သားတွေရှိနေတာဆိုတော့ စစ်ကောင်စီဘက်ကတော့ ဝင်မလာနိုင်ဘူး။ တိုက်ပွဲဖြစ်နေတာ ဒီလထဲတင် ၅ကြိမ်လောက်ရှိပြီဟု ဒေသတွင်း ကူညီပေးသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီနှင့် TNLAတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် စယ်လန့်ကျေးရွာသည် ရှမ်းလူမျိုးတို့၏ သမိုင်းဝင်ကျေးရွာတစ်ခုဖြစ်ပြီး၊ မြို့ရိုးဟောင်းများ အဆောက်အအုံများလည်းရှိကာ မူဆယ်နှင့် နမ့်ခမ်းမြို့ကြားတွင် တည်ရှိသော ရွာတစ်ခုဖြစ်သည်။
လက်ရှိတွင် TNLA တပ်ဖွဲ့မှ ကျေးရွာအတွင်း ဝင်ရောက်စခန်းချနေထိုင်လျက်ရှိပြီး စစ်ကောင်စီမှလည်း လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခြင်းကြောင့် ဒေသခံအချို့သည် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ကျေးရွာအတွင်း ပိတ်မိနေသူများရှိသကဲ့သို့၊ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည့် ဒေသခံများ အနေဖြင့်လည်း အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း ကူညီပေးနေသူများက ပြောသည်။