စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မီးဘေးသင့်ပြည်သူ၊ အိမ်ထောင်စု ၃၀၀ ကျော်အတွက် ကျပ်သိန်း ၇၀၀ ကျော် ထောက်ပံ့ကူညီမှုပေးခဲ့ကြောင်း People’s Healthcare Network (Kalay)က ယနေ့ (ဩဂုတ် ၂၈ ရက်) တွင် သတင်းထုတ်ပြန်သည်။
၂၀၂၂ ခုနှစ်၊ မေလအတွင်းက စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှို့ခြင်းခံခဲ့ရသည့် ကလေးမြို့နယ်တောင်ပိုင်း၊ ရေရှင်ကျေးရွာရှိ အိမ်ထောင်စု ၃၃၄ စုအတွက် တစ်အိမ်ထောင်လျှင် ၂ သိန်း ၁ သောင်းနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၀၀ ကျော်ကို ယခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ အဲ့ဒီတုန်းက စစ်ကြောင်းထိုး မီးရှို့တာ ရွာက ပျက်စီး ဆုံးရှုံးမှု အတော်များတယ်ဗျ။ စပါးတိုက်တွေ မသိမ်းလိုက်နိုင်ကြတာတွေ၊ ဆီစက်တွေ၊ ဆေးဝါးဖွက်ထားခဲ့တာတွေကအစ အကုန်ရှာ မြေလှန်ရှို့တာဗျ။ မီးဘေးသင့် ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာအကူအညီတစ်ခုနဲ့ ချိတ်ဆက်မိပြီး ထောက်ပံ့ပေးနိုင်ခဲ့တာပါ”ဟု PHN (Kalay) ၏ တာဝန်ခံဆရာဝန် Dr.Joshua က MPA သို့ ပြောသည်။
အဆိုပါ ထောက်ပံ့ကူညီမှုကို PHN (Kalay) အနေဖြင့် မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ရေရှင် ကျေးရွာ ပအဖ၊ ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းကာ ရေရှင်ကျေးရွာစစ်ရှောင်စခန်းတွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုလက်ရှိတွင် ရေရှင်စစ်ဘေးရှောင်စခန်းသည် အိမ်ထောင်စု ၃၅၀ ဝန်းကျင်၊ လူဦးရေ (၂၀၀၀) နီးပါး တောထဲတွင်နေကြရပြီး PHN (Kalay) အနေဖြင့် စစ်ရှောင်စခန်းနှင့် အနီးဆုံးရွာတွင် Medical Centre (1) ကို ဖွင့်လှစ်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
“ ဒါကတော့ ကျတော်တို့အဖွဲ့နဲ့ တိုက်ရိုက် ချိတ်ဆက်ထောက်ပံ့တာပေါ့။ တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး ကျောင်းသုံး ဗလာစာအုပ်တွေ၊ ကျောပိုးအိတ်တွေ၊ မိုးကာတွေလည်း ထောက်ပံ့ပေးခဲ့တာ ရှိပါတယ်” ဟု Dr.Joshua က ဆက်ပြောသည်။
စစ်ကောင်စီသည် ကလေးတောင်ပိုင်းကျေးရွာများသို့ စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကို ပိုမိုလုပ်ဆောင်လာလျက်ရှိပြီး PHN (Kalay) အနေဖြင့်လည်း စစ်ဘေးဒဏ်သင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။