ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ (၄) အတွက်ပြုလုပ်ခဲ့သော “ စည်းရိုး” Project မှ ရရှိလာသည့် လက်နက်များ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ အခမ်းအနားကို KNDF စိုးမိုးနယ်မြေတစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး KNDF ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဗျူဟာ (၄) မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ ရဲဘော်များနှင့် မြေပြင်ရှိ Fundraiser များ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
“ အခု ကျတော်တို့ပြုလုပ်တဲ့ စည်းရိုး Project ကမ်ပိန်းလေးဟာ သတ်မှတ်ထားတဲ့ ငွေပမာဏ သိန်းတစ်သောင်းကို ကျတော်တို့ ဗျူဟာ ၄ အနေနဲ့ လက်နက်ကို အလက် ၁၀၀ အထိ ဝယ်ယူရရှိနိုင်တယ်ပေါ့နော်။ ဒီအလက် ၁၀၀ ထဲမှာမှ တပ်ရင်းက ၄ ရင်းပေါ့။ တပ်ရင်း ၁ ရင်းကို အလက် ၂၀ စီ ချထားပေးတယ်ပေါ့နော်။ ကျန်တဲ့ ၂၀ ကျတော့ ဗျူဟာဗဟိုကနေပဲ ယူသုံးတာပေါ့နော်။ အဲ့ဒါ တပ်ရင်း ၁ ရင်းကို အလက် ၂၀ စီတော့ ခွဲဝေပေးတာပေါ့ “ ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။
အခမ်းအနားအစီအစဉ်ကို အစီအစဉ် (၇) ရပ်ဖြင့် စနစ်တကျ ကျင်းပပြုလုပ်ခဲ့ပြီး ဗျူဟာ(၄) မှ ရဲဘော်များက စစ်ရေးပြသခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
“ ကမ်ပိန်းအပြီးမှာတော့ ချက်ချင်းလက်နက်တော့ မဝယ်နိုင်သေးဘူးပေါ့နော်။ ဘာလို့ဆို လက်နက်က အခုဝယ် အခုရတဲ့ အမျိုးလည်း မဟုတ်ဘူးလေနော်။ နယ်စပ်ဘက်ကနေမှာရတာနဲ့ အချိန်ပေးရတာနဲ့ အဲ့ဒါကြောင့်မို့ အရင်တစ်လကုန် ဒီလမှဘဲ လက်နက်က အစုံရလာတာပေါ့။ ဒီ အလက် ၁၀၀ စလုံးကို အဲ့ဒါနဲ့ပဲ ဒီလက်နက်အပ်နှင်းပွဲ အခမ်းအနားကို လုပ်ဖြစ်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
“ စည်းရိုး Project” မှ ရရှိခဲ့သော လက်နက်များကို KNDF ဗျူဟာ (၄) အောက်မှ တပ်ရင်းများဖြစ်သော တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းကမ်ပိန်းကို ကျပ်ငွေ သိန်း ၁၀,၀၀၀ Target ထားပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ်ပိန်းကာလ ၂၈ ရက်တာအတွင်း Target ပြည့်မီခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် KNDF ဗျူဟာ (၄) ၏ စစ်ရေးလှုပ်ရှားမှုများတွင် “ စည်းရိုး Builders” တို့၏ အထောက်အပံ့များ အလဟဿ မဖြစ်စေရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်းလည်း KNDF ရဲဘော်များက ကတိပြုထားသည်။