By MPA
COVID-19 ကူးစက်မှုနှင့်သေဆုံးမှုမြင့်တက်နေ၍ Stay at Home မြို့အဖြစ် သတ်မှတ်ကြေညယထားသည့် မန္တလေးခရိုင်ရှိ မြို့နယ် ၇ မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့အား ခရီးသည်ဝင်ရောက်ခွင့် တားမြစ်လိုက်ပြီဖြစ်းကြောင်း သိရသည်။
မန္တလေးတိုင်းတစ်ခုလုံးသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းမဟုတ်ဘဲ ကျွဲဆည်ကန်ကားဝန်းနှင့် ပြင်ဦးလွင် သီရိပဒေသာကားဝန်း တို့ကိုသာ စစ်ကောင်စီက ပိတ်ခိုင်းထားပြီး အခြားဒေသမှ ခရီးသည်များ ဝင်ရောက်ခွင့် တားမြစ်ထားကြောင်း သိရသည်။
“ ကျွဲဆည်ကန်ကားဝန်းကို ပိတ်တာပေါ့။ မန္တလေးကိုလာမယ့် ခရီးသည်တင်ကားတွေ ခရီးသည်လက်မှတ် မရောင်းခိုင်းဘူး။ လူမတင်ခိုင်းဘူး။ တန်ဆာ(ကုန်ပစ္စည်း)နဲ့ ထွက်လို့။ရတယ်။ ပြင်ဦးလွင်က မန္တလေးဖြတ်ပြီးမှ တက်ရတာဆိုတော့ ဆက်တက်လို့မရဘူး။ Stay Homeလည်း ကြေငြာထားတဲ့မြို့ဆိုတော့ ပိတ်လိုက်တာ“ ဟု မန္တလေးအခြေစိုက် ကျွဲဆည်ကန်ကားဝန်းမှ ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ထိုသို့ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ ခုနှင့် ပြင်ဦးလွင်မြို့တို့ကို ခရီးသည်ဝင်ခွင့် ပိတ်ပင်ထားခြင်းကြောင့် ရန်ကုန်မြို့ အောင်မင်္ဂလားအဝေးပြေးဝန်းမှ မန္တလေး၊ ပြင်ဦးလွင်ကားလိုင်းများအားလုံး လက်မှတ်ရောင်းချမှု ယနေ့ ရပ်နားပြီဖြစ်ကြောင်း သိရသည်။
“ အခုက မန္တလေး၊ ပြင်ဦးလွင် ခရီးသည်လက်မှတ်တွေ အရောင်းပိတ်လိုက်ပြီ။ ကျောက်ပန်းတောင်း၊ ပုဂံ တို့ကတော့ ရောင်းလို့ရတယ်။ အဲ့ဒီမြို့တွေတော့ ပိတ်တဲ့ထဲမပါသေးဘူး“ ဟု ရန်ကုန် အောင်မဂ်လာအဝေးပြေးဝန်းမှ ခရီးသည်ယာဥ်လိုင်တစ်ခု၏ လက်မှတ်ရောင်းချသူက ပြောသည်။
ခရီးသည်ဝင်ခွင့် ပိတ်ပင်လိုက်သော မြို့များသို့တန်ဆာ(ကုန်ပစ္စည်း)များ ကားဖြင့်တင်ပို့နိုင်ပြီး ယာဥ်မောင်းနှင့် ယာဥ် နောက်လိုက်များ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသည့် လက်မှတ်ရှိပါက စစ်ဆေးခံရန်မလိုကြောင်း သိရသည်။
#COVID-19 #ခရီးသည်တင်ခွင့်ပိတ်ပင် #ပြင်ဦးလွင် #မန္တလေး #MPA