ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရေကြီးနေ၍ သွားလာရ ခက်ခဲနေသည့် အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်ကို တွန်းပေးမည်ဆိုကာ လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၁ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ Galaxy Bar ရှေ့တွင် မြစ်ရေများ တက်နေ သဖြင့် ရေထဲတွင် ဆိုင်ကယ်တွန်းရန် ခက်ခဲနေသည့် အမျိုးသမီးအား အမည်မသိအမျိုးသား ၃ဦး မှ ဆိုင်ကယ် ကူညီတွန်းပေးမည်ဟု ဆိုကာ လုယူထွက်ပြေးသွားကြောင်း နီးစပ်သူ တစ်ဦးက ယခုလို ပြောသည်။
“ ရေလယ်မှာ ဆိုင်ကယ်တွန်းသွားနေတဲ့ အမျိုးသမီးကို ကူညီတွန်းပေးမယ်ဆိုပြီး လမ်းထိပ်လဲရောက်ကော မောင်းပြီး ထွက်ပြေးသွားပါတယ်။ Galaxy Barရှေ့မှာပါ။ အမျိုးသား ၃ ယောက် ခိုးသွားတာပါ။ သူ့ဖိနပ်နဲ့ သူ့မျက်မှန်လေးတောင် ပါသွားလို့ ကောင်မလေးက ဖိနပ်ချွတ်လေးနဲ့ ကျန်ခဲ့တာ။ ပါသွားတာ ကလစ်ဘီးပါ။ လိုင်စင်မူရင်း ကျန်နေခဲ့ပါတယ်။ တွေ့ရင်အကြောင်းကြားပေးဖို့အမှုလဲ ဖွင့်ထားပါတယ်” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းအတွင်းရှိ မြေအနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျောက်တွင်းကုန်းလမ်းဆုံ၊ မဂ္ဂတစ်လမ်း၊ ရွှေသာလျောင်း လမ်းမကြီး၊ ကျောက်ကြီးစုရပ်ကွက်စသည့် နေရာများတွင် မြစ်ရေများဝင်ရောက်ကာ ရေကြီးမှုများဖြစ်ပေါ်နေ သဖြင့် ဒေသခံများသည် ဆိုင်ကယ်နှင့် စက်တပ်ယာဉ်များကို မောင်းနှင်ခြင်းမပြုနိုင်ကြောင်း ပဲခူးမြို့နေသူ တစ်ဦးက ပြောသည်။
“ အခုက ဒုက္ခရောက်နေပါတယ်ဆိုမှ ပိုပြီးဒုက္ခရောက်အောင် လုပ်ချင်တဲ့သူတွေနဲ့ပဲ တွေ့နေရတယ်။ မနက်က အကောင်၂ယောက် ဟိုဘက်ကို တွန်းပေးမယ်။ ၁သောင်းပေးတဲ့။ အိတ်ဇောရေ မဝင်စေရဘူးပြောလို့ နင်တို့က ရေတွေဒီလောက်များနေတာကို ရေမဝင်စေရဘူးဆိုတော့ နင်တို့ထမ်းပေးသွားမှာလားလို့ ပြောပြီး ပင်စည်ဘက်ပြန်ကွေ့လာပြီး မြို့ဦးကင်းကနေ လှည့်ဝင်ခဲ့ လိုက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆိုင်ကယ်ခိုးယူသွားသည့် အမျိုးသား ၃ ဦးအား နီးစပ်ရာ CCTV မှတ်တမ်းဖြင့် သက်ဆိုင်ရာ ရဲဌာနသို့ တိုင်ကြားထားသော်လည်း တရားခံအား ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။