စစ်ကောင်စီ၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးထံက သိရသည်။
သြဂုတ်လ ၈ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲဘော် နှစ်ဦးအား စစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းဘတ် ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။
” CDM ဝင်လာတဲ့ စစ်သားတွေက အခု လက်ခက်တောင် ပြန်ရဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ထဲက စစ်သားနှစ်ဦး ဖြစ်ပါတယ်” ဟု ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
၎င်းတို့နှစ်ဦးသည် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှဲ့စနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် ဆန္ဒရှိသည်ဟု ဆိုသည်။
“ တုံးတံတားဘက်မှာ တိုက်ပွဲဖြစ်တဲ့နေ့ မတိုင်ခင်က သူတို့ CDM ဝင်တယ်ဆိုပြီး သတင်းကြားတယ်။ မေတ္တာလင်းမြိုင်ဘက်ကနေ လာတယ်ဆိုပြီး မေတ္တာလင်းမြိုင်မှာက လက်ခက်တောင်ကို စစ်ကြောင်းပြန်ထိုးဖို့ ရောက်နေတဲ့ အင်အား ၇၀ လောက်ရှိတယ်။ အဲ့ဒီထဲက ထွက်ပြေးလာတာ လောလောဆယ် စစ်ကြောင်းရုံးမှာပဲ ခဏထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ ရဲဘော်တစ်ဦးက ပြောသည်။
CDM ဝင်ရောက်လာသူ စစ်သားနှစ်ဦးမှာ ဇော်မျိုးခိုင်အမည်ရှိ အသက် ၃၆ နှစ်အရွယ် ဒု-တပ်ကြပ်နှင့် အောင်မျိုးဇော်အမည်ရှိ အသက် ၂၃ နှစ်အရွယ် တပ်သားတို့ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ 60 mm ကွန်မန်ဒို စိန်ပြောင်း (၁) လက်၊ 60 mm ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက်နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ပါ ယူဆောင်လာခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် လက်ခက်တောင် စခန်းအား ပြန်လည်ရရှိရေးအတွက် လက်နက်အင်အား တပ်အင်အားဖြည့်တင်းကာ ကြိုးစား၍ထိုး စစ်ဆင်နေသော်လည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ စောင့်ကြို ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တပ်ပြန်ဆုတ်နေရသည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်များမှ လက်ခက်တောင် စခန်းအား ပြန်လည်ရရှိရေးအတွက် နေ့စဥ်နှင့်အမျှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။