တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သည့် ကရင်အမျိုးသားအစည်းအရုံး၏ ခေါင်းဆောင်များအား အရေးမယူနိုင်သေးကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး၏ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
“KNU အဖွဲ့အစည်းဝင်တစ်ချို့ လောင်းကစားကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံရတယ်။ အပြစ်တင်ခံရတယ်ဆိုတဲ့ အချက်ကို ပြည်သူတွေတင်ပြလာတာ ကျတော်တို့ လက်ခံရရှိပါတယ်။ များသောအားဖြင့် တင်ပြလာတဲ့ အချက်တွေက သတင်းဌာနတွေရဲ့ ရေးသားချက်ပေါ်မူတည်ပြီး တင်ပြလာတာဖြစ်ပါတယ်။ ကျတော်တို့ကလည်း လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ဆောင်ရွက်ခဲ့ပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး၏ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဆုံးပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းကာ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
“ KNU ရဲ့ ဒုဥက္ကဋ္ဌ ကာကွယ်ရေးဌာနတာဝန်ခံလည်းဖြစ်တဲ့ ပဒိုစောဆဲဂေကနေ ဦးဆောင်ပြီးတော့ ခရိုင်များကိုယ်စားလှယ်၊ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ဘက်မလိုက်အဖွဲ့ဝင်တွေ ပါလာဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်။ ကျတော်တို့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခု တင်ပြသလို အချိန်ကာလကလည်း နည်းတယ်၊ တိုတောင်းတဲ့အချိန်မှာ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ အဖွဲ့အစည်းကနေ စတင်ဆောင်ရွက်မှုတော့ လုပ်နေပါပြီ။ ဆိုတဲ့သဘောက နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်တဲ့အဆင့်အထိ မရရှိသေးဘူးတော့ ပြောလို့ရပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ဧပြီ ၂၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံးမှ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကုန်ကူးမှုများနှင့် ပတ်သက်သည် ဆိုသော စွပ်စွဲခံရသူ KNU ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏သားဖြစ်သူ စောဒို့စိုး၊ တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောတင်စိုး (ခ) စောအယ်နာဒိုနှင့် ဗိုလ်မှူးကြီးစောဘချောတို့အား စုံစမ်းစစ်ဆေးကာ ပတ်သက်မှုရှိကြောင်း ထင်ရှားပါက KNU ၏ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။