၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် “First 100 Days: KNU in New Era” သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံးမှ ကော်သူးလေ ဖက်ဒရယ်ယူနစ်ဖွဲ့ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောကြားလိုက်သည်။
“KNU ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေဖြစ်တဲ့ ကရင်တစ်မျိုးသားလုံးအတွက် တရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို ဆက်လက်ဆုပ်ကိုင်ထားပါတယ်။ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အာဏာလေဟာနယ်ကို ပြင်ဆင်တဲ့ မဟာဗျူဟာအဖြစ် KNU က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့၊ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင်ပေါ်ထွန်းအောင် ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပဒိုစောတာဒိုမှူးက ပြောသည်။
ကရင်နီနှင့် ချင်း အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ ဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ကြိုးပမ်းမှုများကိုလည်း ကရင်အမျိုးသားအစည်းအရုံး KNU မှ ကြိုဆိုကြောင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ခိုင်မာသော ဖက်ဒရယ်ယူနစ်များရှိမှသာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရှင်သန်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားလာမည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။
သက်ဆိုင်ရာပြည်သူများ၊ အဖွဲ့အစည်းများနှင့် ကြိမ်ဖန်များစွာ ညှိနှိုင်းတိုင်ပင်မှုများ လုပ်ဆောင်သွားမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ထပ်မံ ပြောကြားသည်။
ယင်းအပြင် ဘုံရပ်တည်ချက်စံတန်ဖိုးအား တည်ဆောက်ကြရမည်ဖြစ်ကာ ပါဝင်ထိုက်သူများ ပါဝင်ပြီး စည်းစနစ်ကျသည့် လက်တွေ့နှင့် ကိုက်ညီသော ချဉ်းကပ်မှု၊ ပြည်တွင်းနှင့် နိုင်ငံတကာနိုင်ငံရေးရေချိန်၊ ပြည်သူ့ဆန္ဒနှင့် နက်ရှိုင်းသည့် နိုင်ငံရေးပြဿနာနှင့် နိုင်ငံရေးအရ အဖြေရှာမှု စသည်တို့ကို အဘက်ဘက်မှ ချိန်ထိုးကာ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။