ရန်ကုန်မြို့အတွင်း YBS စီးနင်းသူပြည်သူများ ယာဉ်စီးခပေးချေရာတွင် ပိုမိုလွယ်ကူစေရန်အတွက် YPS ကတ်အပြင် QR Code အသုံးပြု၍ ပေးချေနိုင်ရန် Yangon Region Public Transport Committee – YRTC နှင့် Yangon Payment Service – YPS ကုမ္ပဏီတို့ ပူးပေါင်း၍ စမ်းသပ်လုပ်ဆောင် နေကြကြောင်း သိရသည်။
“ လောလောဆယ် YBS-13/55 နှစ်လိုင်းသာပြုလုပ်နေဆဲဖြစ်ပါတယ်။ YRTC နဲ့ ASTI တရားဝင်ထုတ်ပြန်ထားတော့ မရှိသေးပါဘူး။ စမ်းသပ်ဆဲဖြစ်ပါတယ်။ ကျတော်တို့ ကုမ္ပဏီက နောက်အသုံးပြုမဲ့စနစ်ကို ပြည်သူကို ကြိုအသိပေးထားတဲ့သဘောပါ” ဟု ပါရမီ (YBS) ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
လက်ရှိအသုံးပြုနေသည့် YPS ကတ်စနစ်အပြင် QR Code စနစ်အား ပုံသေကျသင့်ငွေ- ၂၀၀ ကျပ်ဖြင့် YBS (13) ယာဉ်လိုင်းတွင် ယခုလ ဇူလိုင် ၁၆ ရက်နေ့မှ စ၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး YBS (55) ယာဉ်လိုင်းတွင်လည်း ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ စမ်းသပ်လုပ်ဆောင်မည်ဟု သိရသည်။
“ ဒီစနစ်ကတော့ ကတ်လည်း ဝယ်စရာမလိုတော့ဘူး။ ငွေကိုလည်းဆိုင်တွေမှာ သီးသန့်လိုက်ဖြည့်နေစရာ မလိုတော့ဘူးလို့လည်း ထင်ပါတယ်။ အခုက ကတ်ဝယ်ပြီး ငွေဖြည့်ရတဲ့ပြဿနာက ရှိနေတယ်။ G&G ဆိုင်တိုင်းလည်းမရဘူး” ဟု ပါရမီ (YBS) ကုမ္ပဏီမှ ဝန်ထမ်းက ဆက်လက်ပြောကြားသည်။
QR code စနစ်အသုံးပြုပုံနှင့် ပတ်သက်၍ Yangon Payment Service – YPS ကုမ္ပဏီသို့ MPA က စုံစမ်းမေးမြန်းရာတွင် QR စနစ်အသုံးပြု၍ ယာဥ်စီးခ ပေးချေမည်ဆိုပါက QR scan ဖတ်လိုက်ရုံနှင့် ငွေပေးချေလို့ရနိုင်မည်ဖြစ်ပြီး အကယ်၍ စမ်းသပ်မှု အောင်မြင်သွားပါက YPS Page ကနေ တရားဝင် ကြေညာပေးသွားမည် ဟု ပြန်လည်ဖြေကြားသည်။
YBS စီးသူ ခရီးသည်တစ်ဦးကမူ QR code ဖြင့် ငွေပေးချေမှုစနစ် ကျင့်သုံးမည်နှင့်ပတ်သက်၍ “ အဓိက ခရီးသည်တွေ လိုအပ်ချက်က ငွေအကြွေ မဆောင်ချင်၊ မရှာချင်တာပါ။ အဲ့ဒီတော့ YPS Card စနစ်တစ်ခုတည်းလည်း ပြေတာပါပဲ။ Card စနစ်ကိုပဲ ယာဉ်လိုင်းအများစုမှာ သုံးလို့ရမယ်ဆို ပြေတာပါပဲ။ YPS Card စက်ပိတ်ထားတာတွေ၊ အိတ်နဲ့စွပ်ထားတာတွေ ဒါတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရင် ပြေတာပါပဲ။ QR Code စနစ်က သုံးကြည့်ပြီးမှပဲ သိရမယ်” ဟု ဆိုသည်။
QR code စနစ်ကို အသုံးပြုမည်ဆိုပါက QR ကို ဖုန်းနှင့် Scan ဖတ်ရာတွင် အခက်အခဲရှိနိုင်သည်သာမက QR စနစ်မှာ ယခုလက်ရှိသုံးနေသည့် YPS စနစ်ကဲ့သို့ အရွယ်သုံးပါးမရွေး လွယ်ကူစွာ အသုံးပြုနိုင်ရန် ခဲယဥ်းခြင်းကြောင့် YPS card စနစ်ကိုသာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်မွမ်းမံသင့်သည်ဟူသည့် သုံးသပ်ချက်များလည်းရှိနေသည်။