ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှ ဘုန်းကြီးများကို နေပြည်တော်သို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပင့်သွားကြောင်း သိရသည်။
ယနေ့ ညနေ၃နာရီ ၅၈မိနစ်က လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် စစ်ကောင်စီလေယာဉ်သည် နေပြည်တော်၌ မင်းအောင်လှိုင်တည်သည့် ဘုရား အနေကဇာတင်ပွဲသို့ ကြွရန်အတွက် လွိုင်ကော်မြို့မှဘုန်းကြီးများအား လာပင့်သွားခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မနက်ဖြန် နေပြည်တော်မှာ မင်းအောင်လှိုင်တည်မယ့် ဘုရားအနေကဇာတင်မှာပေါ့။အဲ့ပွဲမှာ ပြည်တွင်းပြည်ပပင့်သံဃာစုစုပေါင်း၉၉၀၀၀နဝင်းကိုက်ဆိုပြီး ယတြာချေမယ်ကြားတယ်။အဲ့ဒါ ဘုန်းကြီးမလောက်လို့ လာပင့်တာပါ။သူတို့ လွိုင်ကော်ကလာပင့်တဲ့ ပင့်သံဃာစာရင်းတော့ မသိဘူး။များတော့များတယ်၊သူတို့ပြောထားတဲ့ ပမာဏ မပြည့်သေးလို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့က ဘုန်းကြီးများကို ကားတစ်စီးဖြင့် လွိုင်ကော်လေဆိပ်သို့ တင်ဆောင်လာကာ ဘုန်းကြီး ကားအား လွိုင်ကော်မြို့အခြေစိုက် ၅၄တပ်ရင်းမှ တင့်ကား၂စီးက ရှေ့၊နောက်ခြံရံပြီးလုံခြုံရေးပေးခဲ့ ကြောင်း သိရသည်။
ဇွန်လ ၁ရက်နေ့တွင် နေပြည်တော်၌ မင်းအောင်လှိုင်တည်သည့် မာရဝိဇယဗုဒ္ဓ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။