မြန်မာနိုင်ငံတဝန်း၌ ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် အညာရှိ စစ်ဘေးရှောင်ပြည်သူများနှင့် သာမန်လက်လုပ်လက်စားပြည်သူများ စားရေးသောက်ရေးလွန်စွာခက်ခဲနေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က MPA သို့ ပြောသည်။
လက်ရှိတွင် အလတ်တန်းစားဆန်ဖြစ်သည့် ဖန်သီးရှယ် အမျိုးအစား ဆန်တစ်အိတ်ကို ကျပ် ၉ သောင်းကျော်အထိ ပေးဝယ်နေရပြီး အနိမ့်ဆုံးဆန်ကြမ်း တစ်အိတ်ကို ကျပ် ၈ သောင်းကျော်အထိ ပေးဝယ်နေရသည်ဟု ဆိုသည်။
” ယခုအချိန်က ကုန်စျေးတွေက အရမ်းတက်နေတယ်ဗျ။ နေရာတော်တော်များမှာလည်း စစ်ရှောင်နေရပါတယ်။ ဆန်စျေး၊ ဆီစျေးတွေ သိသိသာသာ တက်နေတာကြောင့် စစ်ရှောင်ရော ပြည်သူတွေအတွက်ပါ အခက်ခဲဖြစ်နေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
စားအုန်းဆီ ၁၀ ပိဿာပါ ပုံးဝါ တစ်ပုံးကို ကျပ် ၉ သောင်းကျော်အထိ ပေးဝယ်နေရပြီး ခရမ်းသီး ၁ ပိဿာ ၂,၅၀၀ ကျပ်၊ အာလူး ၁ ပိဿာ ၃,၀၀၀ ကျပ်၊ ဘူးသီးအသေးတစ်လုံး ၂,၀၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများမြင့်တက်နေသောကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် သာမန်လက်လုပ်လက်စား ပြည်သူများ စားရေးသောက်ရေး အလွန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။
“ ကျတော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီတဲ့အခါမှာ အခုလို ကုန်ဈေးနှုန်းတွေတက်တော့ ကျတော်တို့အနေနဲ့လည်း အခက်တွေ့တာပေါ့နော်။ ဘာလို့ဆို ကျတော်တို့တွေ များများလှူမဲ့နေရာမှာ ငွေ ၅ သိန်းဖိုးက များများ ရရမဲ့အစား နည်းနည်းလေးပဲရတော့တာကြောင့် အရမ်းကြီး မထိရောက်တော့ဘူးပေါ့နော်။ ကျတော်တို့ ကုန်စိမ်းတွေ လှူချင်တယ်ဆိုရင်လဲ ၁ သိန်းဖိုးနဲ့ဆို ကုန်လေးတွေ နဲနဲပဲရတာမျိုး၊ အဲ့ဒီလိုမျိုးတွေ အခက်ခဲတွေ အများကြီးကြုံရပါတယ်။ ကိုယ်လိုချင်တဲ့ ပမာဏကို မရတဲ့အခါ အရမ်းအခက်ခဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့တွင်လည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ရှောင်စခန်း နှစ်ခုအတွက် ဆန်၊ ဆီနှင့် ကုန်စိမ်းများကို ဝေငှပေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ဆန် ၄ အိတ်၊ ဆီ ၄ ပုံး၊ ကြက်ဥ အလုံး ၄၀၀ နှင့် ကုန်စိမ်းသီးနှံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။