ထိုင်း-မြန်မာ ငွေလဲဈေးကွက်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ထိုးဆင်းနေကြောင်းသိရသည်။
ယနေ့(ဇူလိုင် ၃၁ရက်)၊နံနက်ပိုင်း ထိုင်း-မြန်မာ ငွေလဲဈေးနှုန်းမှာ မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁၀၆၀ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၅ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ကျပ် ၁၂၀၀၀ကျော် လျော့ကျသွားကြောင်း ထိုင်း-မြန်မာ ငွေလဲ၊ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ ဒီလထဲမှာ တော်တော်ကျသွားတယ်ပေါ့။ဒီလ ၅ရက်နေ့ကဆို ထိုင်းဘတ် ၁၂၀၀ကို မြန်မာငွေတစ်သိန်းနီးပါးရတယ်။အခုကျ ထိုင်းဘတ် ၁၀၅၅ဘတ်ကို ၁သိန်းပဲရတော့တာပေါ့။အဲ့တော့ ဘတ်ဈေးက တက်လာပြီး မြန်မာဈေးကျတော့ မြန်မာဘက်ကသူတွေ ထိုင်းမှာဈေးဝယ်ရင် နာတာပေါ့။ထိုင်းရောက်မြန်မာတွေကို အိမ်က ငွေလွှဲရင်လည်း နာတာပေါ့” ဟု ၎င်းက ပြောသည်။
၂၀၂၂ခုနှစ်၊ဇူလိုင် ၃၀ရက်နေ့ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁၄၆၀ရရှိခဲ့ကြောင်းသိရသည်။
“ အရင်နှစ်ကဆို မြန်မာငွေဈေးရတာပေါ့။အခုနှစ်နဲ့ ထိုင်းဘတ် ၄၀၀ကျော်ဟသွားတော့ ဘတ် ၁၀၀ကို မြန်မာငွေ ၈၀၀၀ကျော်လောက် နစ်နာသွားတာပေါ့။ဒါက ထိုင်းမှာဖြစ်နေကျပါပဲ။၈လပိုင်းရောက်ရင် မိုးတွင်းရောက်ပြီဆိုတော့ ကုန်သွယ်မှုတွေ နားတာရော၊အခုမြန်မာဘက်က ၂၀၀၀၀တန်ထုတ်မယ်ဆိုတာရောကြောင့် မြန်မာငွေတန်ဖိုးကျလာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ဒုတိယအပတ်အတွင်း မြန်မာငွေကျပ် ၁သိန်းလျှင် ထိုင်းဘတ် ၈၀၀ကျော်အထိ ဖြစ်လာနိုင်ကြောင်း ထိုင်း-မြန်မာ ငွေလဲ၊ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူအချို့က ခန့်မှန်းကြသည်။