ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့တွင် ဆိုင်ကယ်ဘေးတွဲမောင်းသူများနှင့် ဆိုင်ကယ် ကယ်ရီမောင်း သူများကို PDF နှင့် ပတ်သတ်မှုရှိနေသည်ဟု ဆိုကာ စစ်ကောင်စီ၏ လက်အောက်ခံ ခလရ (၅၁) ခြေလျင်တပ်ရင်းမှ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ကယ်ရီမောင်းသူများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။
ယခုလို ဖမ်းဆီးမှုများကို ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ဖမ်းဆီးနေခြင်း ဖြစ်ပြီး သုံးရက်အတွင်းမှာတင် လူ ၁၅ ဦးခန့် ဖမ်းဆီးခံထားရကြောင်း ကယ်ရီမောင်းသူများထံမှ သိရသည်။
“ စဖမ်းတာက ဇူလိုင်လ ၂၈ ရက်လောက်ကတည်းကပါ။ ကျွန်တော်တို့ ဂိတ်က ၂ ယောက်တော့ မနေ့ကမှ လာဖမ်းသွားတာ။ အဖမ်းခံရတဲ့သူတွေက အခုဆို ၁၅ ယောက်လောက် ရှိနေပြီ။ သူတို့လာတော့ ဘေးတွဲတွေ လာဖမ်းတယ်ထင်လို့ မောင်းပြေးဖို့ လုပ်ကြတာ။ အဲဒီမှာ ရပ်ကွက်လူကြီးတွေက မပြေးခိုင်းဘဲ ဘေးတွဲ ဆိုင်ကယ်တွေ လာဖမ်းတာမဟုတ်ဘူး။ စစ်ဆေးမေးမြန်းစရာရှိလို့ ပြောပြီး နှစ်ယောက်ကို ခေါ်သွားတာ။” ဟု မျက်မြင်သက်သေကြုံတွေ့ခဲ့ရသည့် ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်း တိုင်းမှူး၏ ညွန်ကြားချက်နှင့် စစ်ကောင်စီတပ်မှ ယခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေကြောင်း ကိုလည်း ကယ်ရီမောင်းသူထံမှ သိရသည်။
” ကျွန်တော်တို့ ကယ်ရီမောင်းလာတာ ၃ နှစ်လောက်ရှိပြီ။ ဒီရက်ပိုင်း ဂိတ်ကနေ အဖမ်းခံရတဲ့သူ ၂ ယောက်ရှိ ပြီ။ အခြားဂိတ်ကလူတွေလဲ အဖမ်းခံရတယ် ပြောတယ်။ PDF နဲ့ ပတ်သက်နေလို့ လာဖမ်းတာဆိုပြီး ဖမ်းခေါ်သွားတာ။ တိုင်းမှူး ညွှန်ကြားတာလို့တော့ ကြားတယ်။” ဟု ဘေးတွဲမောင်းသူ တစ်ဦးက MPA သို့ ပြောပါသည်။
ဧရာဝတီတိုင်းရှိ စစ်ကောက်စီ လက်အောက်ခံတပ်များသည် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကို တောနင်းရှာဖွေခြင်းများ ရှိသည့်အပြင် ပြည်သူအချို့ကိုလည်း PDF နှင့် ပတ်သတ်သည်ဟု ဆိုကာ ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့ကလည်း ဘန့်ဘွေးကုန်း အောက်ကျင်းရပ်ကွက်နေ အသက် ၇၀ ဝန်းကျင် အဘိုးအိုတစ်ဦးကိုလည်း အကြောင်းအရင်းမရှိ ဖမ်းဆီးသွားကြောင်းလည်း စုံစမ်းသိရပါသည်။