ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးထိခိုက်သူများရှိပြီး တံတားကို ယာယီပိတ်ထားကြောင်း သိရသည်။
ယနေ့ (ဇူလိုင် ၃၁ရက်)၊နံနက် ၆ နာရီမိနစ် ၄၀ ခန့်က သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆေးဂိတ်ရှိ စစ်သားနှင့် ရဲအချို့ ဒဏ်ရာရခဲ့ကြောင်း ဘားအံအခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မနက်က လူနာတင်ကားတွေ သွားတော့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်။၁၀ဦးကျော်မယ်ထင်တယ်။ဂိတ်မှာရှိတဲ့ စစ်သားနဲ့ ယာဉ်ထိန်းရဲတွေထိတယ်။အရပ်သား ၃ဦးလည်းထိတယ်။သေတာတော့ ဘယ်သူလဲဆိုတာသေချာမသိသေးပါဘူး။တရုတ်ပန်းလှဘက်မှာပေါက်တာပါ” ဟု ၎င်းက ပြောသည်။
ကနဦးသတင်းများအရ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးသို့ ရောက်ရှိလာသည့် ကားတစ်စီးကို စစ်သားများက စစ်ဆေးစဉ် ကားပေါ်ရှိ မိုင်းများပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသော်လည်း အတည်မပြုနိုင်သေးပေ။
ယင်းပေါက်ကွဲမှုကြောင့် သံလွင်တံတား ကို နံနက် ၇နာရီ ၁၅မိနစ်မှ စတင်၍ ယာယီပိတ်ကာ မည်သည့်ယာဉ်မျှ ဖြတ်သန်းခွင့်မပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဘယ်ကားမှသွားလို့မရသေးပါဘူး။မော်လမြိုင်ဘက်ကလည်း ပတ်သွားလို့မရဘူး။ဇာသပြင်တံတားကိုလည်း ယာယီပိတ်ထားပါတယ်။ဘားအံမြို့အဝင်၊ အထွက်ကို ဂိတ်ချပြီး ခဏပိတ်ထားသေးတယ်။ဘယ်အချိန်ပြန်ဖွင့်မလဲတော့မသိသေးဘူး။နေ့လယ် ၂နာရီလောက်ပြန်ဖွင့်မယ်လည်းကြားတယ်။အသံတော့ တော်တော်ကျယ်တယ်။အနီးနားက အိမ်တွေပါတုန်တယ်တဲ့” ဟု ၎င်းက ပြောသည်။
ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီးကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံ MPAက ဆက်သွယ်မေးမြန်းရာ မသိရှိကြောင်း ကနဦးငြင်းဆိုထားပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း လည်းပြောသည်။