တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ညီအစ်ကိုချင်း အချင်းများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အစ်ကိုဖြစ်သူသေဆုံးကာ ညီဖြစ်သူအား လိုက်လံဖမ်းဆီးနေကြောင်း မြိတ်မြို့နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့၊ ည ၈ နာရီ ၅၃ မိနစ်ခန့်က မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ တပ်ပြင်ဈေးအနီးတွင် ညီအစ်ကိုချင်းစကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အစ်ကိုဖြစ်သူ ဓားထိုးခံခဲ့ရကြောင်း မြိတ်မြို့နေသူတစ်ဦးက ပြောသည်။
“ သူတို့က မြိတ်ဇာတိပဲ။ ညီအစ်ကို အရင်းတွေပေါ့။ ထိုးခံရတဲ့ကောင်လေးက အသက် ၃၀ ကျော်ပြီ။ ထိုးသွားတဲ့ကောင်လေးက ၂၈ နှစ်ကျော်ကျော်လောက်ပဲ။ ဆေးရုံရောက်မှ သေသွားတာပါ” ဟု ၎င်းက ပြောသည်။
အထက်ပါ ဖြစ်စဉ်အတွင်း ဓားဖြင့်ထိုးခံခဲ့ရသည့် အစ်ကိုဖြစ်သူအား နယ်မြေခံအခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုမှ ကလွင်နယ်မြေ၊ အေးရိပ်ချောင်းလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ချိန်တွင် သေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မြိတ်မှာက ရဲအရေးပိုင်တဲ့ အမှုတွေဆို မြိတ်ဆေးရုံကြီးကို ပို့လို့မရဘူး။ တပ်ဆေးရုံပဲပို့ရတာပေါ့။ ဆေးရုံရောက်ရောက်ချင်း ဆုံးသွားတာပါ။ ဓားက တစ်ချက်တည်းပေမယ့် နှလုံးကို တည့်တည့်ဝင်သွားတာမို့ ဆုံးသွားတာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အစ်ကိုဖြစ်သူအား ဓားဖြင့် ထိုးခဲ့သည့် ညီဖြစ်သူအား မြိတ်မြို့ရှိ သက်ဆိုင်ရာတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးနေပြီး ယခုအချိန်ထိ ဖမ်းဆီး၍ မရရှိသေးကြောင်း သိရသည်။