ရန်ကုန်မြို့တွင် ဇူလိုင်လ တတိယအပတ်မှ စ၍ စစ်ကောင်စီတပ်က ဘက်ထရီစက်ဘီးစီးနင်းခွင့်အား ထပ်မံ ပိတ်ပင်တားမြစ်လိုက်ပြီး ယခင်ကထက် ပိုမိုပြင်းထန်စွာ ဖမ်းဆီးအရေးယူနေခြင်းကြောင့် Online Shop လုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက်လာကြောင်း သိရသည်။
“ စီးခွင့်မရှိတော့ဘူးဆိုတဲ့ အတွက်ကြောင့် စီးမိရင် သူတို့ကို ဘာမှလျှောက်လွှဲချက်၊ ကွန်ပလိန်းလုပ်ခွင့်မရှိတော့ဘူး။ အစ်မကတော့ လောလောဆယ် အစ်မလူတွေအကုန်လုံးကို ဘက်ထရီဘီးတွေကို ပြန်သိမ်းပြီး ရိုးရိုးဘီးတွေနဲ့ ပြန်သွားတယ်။ လွယ်ကူရမယ့် ကိစ္စတွေကတော့ ပိုခက်ခဲသွားတာပေါ့။ စက်တပ်ယာဥ် (ဘက်ထရီဘီး) နဲ့တုန်းက အထုပ် ၄၀၊ အထုပ် ၅၀ လောက် ပို့နိုင်တယ်။ အခုဆိုလို့ရှိရင် ရိုးရိုးခြေထောက်နဲ့ နင်းရတာ ဖြစ်တဲ့အတွက်ကြောင့် ၃၀ ပတ်ချာလည်ပဲ ပြီးတော့တယ်။ ဝင်ငွေတွေလည်း လျော့သွားတယ်။ နောက်ပြီးကျတော့ နှစ်ဆ ပင်ပန်းတယ်” ဟု အွန်လိုင်းရှော့လုပ်ကိုင်သူတစ်ဦးက MPA သို့ ရှင်းပြသည်။
စစ်ကောင်စီက ဓာတ်တိုင်နှင့် လမ်းဆုံလမ်းခွများတွင် စက်တပ်ယာဥ်မစီးရဟူသော သတိပေးစာများ လိုက်လံကပ်ထားပြီး လမ်းပေါ်တွင် ဘက်ထရီဘီးစီးသူများသာမက ရပ်ကွက်အတွင်းအထိဝင်ကာ လမ်းကြိုလမ်းကြားတွင် ရပ်ထားသော ဘက်ထရီဘီးများကိုပါ ဖမ်းဆီးနေကြောင်းလည်း စုံစမ်းသိရှိရသည်။
“ စံပြဈေးရယ်၊ နန္ဒဝန်ဈေးရယ်မှာ လမ်းပေါ်မှာ စီးနေတဲ့ယာဥ်တွေကို ဖမ်းရုံတင်တောင် မကဘူး။ ဈေးအောက်မှာ ရပ်ထားတဲ့ တစ်စီးကိုတစ်ရာ၊ နှစ်ရာ ပေးပြီးတော့ အပ်ကြတဲ့ စက်ဘီးအပ်ရန် နေရာတွေမှာပါ စစ်ကားတွေထိုးရပ်ပြီးတော့ မော်တာပါတဲ့ဘီးတွေ အားလုံး ရွေးပြီး ကားပေါ်တင်သွားတာဆိုတော့ ဆင်းလည်းဆင်းလာရော ကိုယ့်ဘီးက မရှိတော့ဘူးပေါ့နော်။ အဲ့ဒီလိုမျိုးတွေဖြစ်ရော။ ရိုးရိုးသာမန်လူဆိုရင်တော့ ဘီးပဲ ဆုံးရှုံးတာပေါ့။ အစ်မတို့ delivery ကျတော့ အဲ့ဒီလိုမျိုးတွေကြားတော့ ပိုကြောက်ရတယ်” ဟု အွန်လိုင်းရှော့လုပ်ကိုင်သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ယခုကဲ့သို့ ဘက်ထရီဘီးများအား ဖမ်းဆီးအရေးယူနေခြင်းမှာ မေလအတွင်းဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ်၊ အောင်ရတနာ ဆေးရုံပွိုင့်အနီးတွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှ လူကြီးတစ်ဦးအား PDF အဖွဲ့ ဘက်က လုပ်ကြံသဖြင့် နေရာမှာတင် ဆုံးသွားခဲ့ပြီး ယခု ဇူလိုင်လတွင်လည်း မြောက်ဒဂုံမြို့နယ်တွင် ပျူစောထီးတစ်ယောက်အား မီးပွိုင့်မိနေစဥ် အနီးကပ် ဘက်ထရီဘီးနှစ်စီးနှင့် ညှပ်ကာ ပစ်သွားသဖြင့် နေရာမှာတင် ဆုံးသွားသောကြောင့် ဘက်ထရီဘီးစီးသူများအား ဖမ်းဆီးအရေးယူနေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သူများလည်း ရှိနေသည်။
လက်ရှိတွင် မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ရန်ကင်း၊ တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းစသည့် မြို့နယ်များတွင် ဘက်ထရီဘီးစီးသူများအား ဖမ်းဆီးမှု ပိုမိုပြုလုပ်လျက်ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က ဘက်ထရီစက်ဘီးစီးနင်းသူများအား ဖမ်းဆီးအရေးယူနေသည့်အပြင် တစ်ဘက်တွင်လည်း ပိုက်ဆံ အဆမတန်တောင်းကာ ငွေညှစ်ခြင်းများ ပြုလုပ်သောကြောင့် ဘက်ထရီစက်ဘီးဖြင့် delivery ပို့ဆောင်နေသူများမှာ အခက်အခဲကြုံနေရသည်ဟု ဆိုသည်။
“ စစ်ကောင်စီရန်ကလည်း ကြောက်ရ။ နေပူပူမိုးရွာရွာအခြေအနေက ကျီးကန်တောင်းမှောက်ကြည့်ပြီး လမ်းကြောင်းမှာ အစစ်အဆေးလည်းကြည့်ရှောင်။ စိုးရိမ်စိတ်က အမြဲ သူတို့ကိုရှောင်နေရတာ” ဟု ဘက်ထရီစက်ဘီးဖြင့် delivery ပို့ဆောင်သူ တစ်ဦးက ဆိုသည်။
စစ်ကောင်စီက ဘက်ထရီစက်ဘီးစီးနင်းခွင့်အား ပိတ်ပင်တားမြစ်ထားခြင်းနှင့် စက်ဆီဈေးမြင့်တက်လာမှုကြောင့် ကားဖြင့် delivery ပို့ဆောင်သည့်စနစ်မှာ ကောင်းစွာ လည်ပတ်နိုင်ခြင်းမရှိသောကြောင့် အွန်လိုင်းရှော့လုပ်ကိုင်သူများအနေနှင့် ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် ရိုးရိုးစက်ဘီးစီးသူများကိုသာ အဓိက အားထားနေရသဖြင့် ယခင်သကဲ့သို့ လုပ်ငန်းတွင်ကျယ်ခြင်း မရှိတော့ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ လုပ်ငန်းလိုင်စင် မှတ်ပုံမတင်ပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ၅ သိန်းကိုပါ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသေးသည်။