တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ၆ ဦးနှင့် ကလေးငယ်တစ်ဦးကို ဖမ်းဆီးခြင်းမပြုဘဲ လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က သတင်း ထုတ်ပြန်သည်။
LLPDFအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းက လောင်းလုံးမြို့နယ်အတွင်းရှိ Non-CDMများကို CDMအမြန်ဆုံးပြုလုပ်ရန် တောင်းဆိုသော်လည်း ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအား ဆက်လက်ဖွင့်လှစ်နေသဖြင့် ဇူလိုင်လ ၂၀ရက်နေ့၊မွန်းလွဲ၁နာရီခွဲခန့်က ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံရန် ယင်းကျောင်းသို့ သွားရောက်စဉ် ယင်းကျောင်းမှ ကျောင်းသား/သူ ၆၀ခန့် ထွက်ပြေးခဲ့ကြောင်း LLPDFတပ်ဖွဲ့ဝင်များက မပြေးရန် လိုက်လံတားမြစ်ကာ တုတ်ဖြင့် နှစ်ချက်စီရိုက်၍ အပြစ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆွေးနွေးခဲ့ရာ CDMဝင်လိုကြောင်းပြောသဖြင့် ကျောင်းအုပ်ကြီးဒေါ်မြင့်မြင်ခိုင်နှင့် ခင်ပွန်း လက်ထောက်ကထိက ဦးနိုင်ဝင်း၊ သားဖြစ်သူမောင်အောင်ဟိန်းခန့်၊ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ ဒေါ်သန္တာအေး(လထ-ကထိက)၊ ဦးနေဆန်း(ကွင်းဆင်းလက်ထောက်)နှင့် နော်ဖြူဖြူသန့်(ကွင်းဆင်းလက်ထောက်) တို့ကို လုံခြုံသောနေရာသို့ ကောင်းမွန်စွာခေါ်ဆောင်သွားကြောင်း ထုတ်ပြန်သည်။
ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက မူထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်း ဆရာ/ဆရာမများက ၎င်းတို့ဆန္ဒအလျောက် CDM လုပ်ပြီးပူးပေါင်းလို၍ ခေါ်ဆောင်သွားသည်ဟုဆိုခြင်းအပေါ် ဖိအားတစ်စုံတစ်ရာရှိမည်ဟု ယူဆကြောင်း ပြောသည်။
“ အဲဒီဆရာ/ဆရာမတွေနဲ့ပတ်သက်ပြီး သူတို့နီးစပ်တဲ့ ဝန်ထမ်းတွေဆီက ကြားရတဲ့သတင်းတွေက အခု LLPDFက ထုတ်ပြန်တာနဲ့ကွဲလွဲမှုအများကြီးရှိနေတာတွေ့ရတယ်။ဒါပေမယ့် ဘယ်ဟာမှားလဲ၊ မှန်လဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။ စဉ်းစားစရာတွေတော့ရှိတယ်။ CDMလုပ်ဖို့ လွတ်မြောက်နယ်မြေ ခေါ်သွားရအောင်က ဆရာ/ဆရာမတွေက တပ်ပြေးတွေလည်း မဟုတ်ဘူး။သူတို့သာ CDMဝင်ချင်ရင် ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက CDMဝင်ထားတဲ့ သူတို့အသိတွေကနေတစ်ဆင့် ဝင်လို့ရပြီးသားပါ။လက်နက်ကိုင်ပြီးကျောင်းထဲဝင်တော့မှ ပူးပေါင်းတာကတော့ ဖိအားရှိလို့ ပူးပေါင်းတဲ့သဘောရှိနိုင်တယ် ဆိုတာ သူသူငါငါတွေးမိမှာပဲ။ ပြီးတော့ LLPDF အနေနဲ့ ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ကို ပြန်ကြည့်ပါ။ ဇွန်လ ၉ ရက်နေ့နောက်ဆုံးထားပြီး Non- CDM တွေကို ပြင်းပြင်းထန်ထန် သတိပေးထားတာရှိပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် Non- CDM တွေအနေနဲ့ ဖိအားပေးခံထားရတယ်ဆိုတာ တိတိကျကျကို ပြောလို့ရတဲ့အနေအထားပါ” ဟု ၎င်းက ပြောသည်။
LLPDF၏ ပြန်ကြားရေးတာဝန်ခံကမူကျောင်းအုပ်ကြီးအပါအဝင် ဆရာ / ဆရာမများက CDM လုပ်လိုကြောင်း ဆို၍ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခြင်းသာဖြစ်ကြောင်း MPA သို့ပြောသည်။
“ဝေဖန်ကြတဲ့သူတွေက သူတို့အတွေး သူတို့မှာရှိတဲ့ အသိတွေနဲ့ ဝေဖန်နေမှာပါ ။ ဒါကို သွားပြီး အပြစ်မမြင်ပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်နေတာက အာဏာရှင်ကို ဖြုတ်ချ အဆုံးသတ်နိုင်ဖို့ကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ လောင်းလုံး(ပကဖ)က လုပ်ဆောင်နေတဲ့ အရာတွေဟာ အာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ကိုပဲ ဦးတည်လုပ်ဆောင်နေတာပါ။ ပြည်သူကမွေး ပြည်သူ့သားမို့ ပြည်သူဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ပါဘူး ။ အသက်ခန္ဓာစတေးပြီး ဒီ မအလ နဲ့ အပေါင်းပါတွေကို အမြစ်ပြတ်ချေမှုန်းဖို့ လက်နက်ကိုင် လာကြရတဲ့သူတွေပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
LLPDFက ဆရာ၊ဆရာမများကို လွတ်မြောက်နယ်မြေသို့ခေါ်ဆောင်ရန် ပြင်ဆင်နေစဉ် ကျောင်းသား/သူများ၏ စိတ်ဆန္ဒအရကျောင်းဝန်းအတွင်း စစ်ကျွန်ပညာရေးအလိုမရှိဟု ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ထုတ်ပြန်ထားသလိုကျောင်းဝန်းအတွင်းသို့ LLPDF ဝင်ရောက်စဉ် ကြောက်လန့်တကြားထွက်ပြေးရာမှ ကျပျောက်ခဲ့သည့် ကျောင်းသူတစ်ဦး၏ လက်စွပ်တစ်ကွင်းအတွက် LLPDFရဲဘော်များကကျပ် ၂သိန်း ၅သောင်း ၉ထောင်ကျပ် ပေးအပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာရာ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသောကြောင့် CDM ဆရာ၊ ဆရာမများကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရန်အချိန်အနည်းငယ်နှောင့်နှေးခဲ့ရကြောင်းနှင့် လုံခြုံရေးအရ ယမန်နေ့ကမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း LLPDF ကဆိုသည်။
ဇူလိုင် ၂၂ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသိန်းဦးကို LLPDFတပ်ဖွဲ့က နေအိမ်အတွင်းမှ ခေါ်ထုတ်ကာ တားမြစ်သတိပေးနေသည့်ကြားမှ ပျူစောထီးများနှင့်အတူ လမ်းပေါ်တွင် ဆက်ကြေးကောက်ခံနေသည်ဟုဆိုကာ ၎င်းအိမ်အနီးရှိ ဆီအုန်းခြံထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူက “ မိသားစုဝင်တွေဆီကတစ်ဆင့် သိရတာကတော့အခုနှစ် ၁လပိုင်း ၁ရက်နေ့မှာ အတင်းခေါ်လို့ မလွဲတောင်ဂိတ်မှာ ဦးသိန်းဦး တာဝန်ကျတယ်၊ အာဏာပိုင်တွေဘက်က အတင်းခေါ်ပြီး ကိုယ်တာဝန်ကိုယ် သွားရမယ်ပြောလို့ သွားလိုက်ရပြီး အဲမှာ ၂၇ ရက်လောက်နေလိုက်ရတယ်။ ဟိုရောက်တော့လည်း ဆက်ကြေးကောက်တဲ့အထဲ သူမပါဘူး၊ စိုက်ပျိုးသီးနှံထွက် ကွမ်းသီးကားတွေလာရင် စစ်ပေးရတာ။ ဒါနဲ့ပတ်သက်ပြီး LLPDFကသတိပေးထားပြီးသားလို့ဆိုတယ်။ သူတို့ထုတ်ပြန်ချက်မှာက ဦးသိန်းဦးအနေနဲ့ သတိထားတဲ့ကြားက ထပ်လုပ်နေလို့ ရှင်းလင်းလိုက်အကြောင်း ပြောထားတယ်”ဟု ဆိုသည်။
ဦးသိန်းဦးမှာ စားဝတ်နေရေးအခြေအနေနှင့် လုပ်သက်ပြည့်ပင်စင် ယူခါနီးပြီးဖြစ်၍ CDM မလုပ်ခြင်းဖြစ် သည်ဟု ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံကသိရကြောင်း ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆိုသည်။