ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ ပထမဆုံး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းသူနည်းပါးလျက်ရှိကြောင်းသိရသည်။
မြေပြင်တိုက်ပွဲများပြင်းထန်နေကာ ကျည် လိုအပ်ချက်များလာခြင်းကြောင့် ဇူလိုင် ၁၅ရက်နေ့မှ စတင်၍ KRUက “ မြေပြင်အတွက် ကျည်အတောင့် ၁၀၀၀၀” ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း KRU)၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
“ အဓိကက မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတော့ ကျည်လိုအပ်ချက်က အဓိကကျလာတာပေါ့။ကျွန်တော်တို့တပ်ဖွဲ့က တစ်ခါမှ အခုလိုကမ်ပိန်းမလုပ်ဖူးပါဘူး။အခုကရင်နီမှာ စစ်ရေးပြင်းထန်နေတဲ့အတွက် ပထမဆုံး ကမ်ပိန်းလုပ်တာပါ” ဟု ၎င်းက ပြောသည်။
KRUကမ်ပိန်းမှ ကျပ် သိန်း ၅၀၀ရရှိရန် မျှော်မှန်းထားသော်လည်း ကမ်ပိန်းကာလ၁၀ရက်အတွင်း ကျပ်သိန်း ၅၀ကျော်သာ ရရှိသေးကြောင်း သိရသည်။
“ တကယ်တော့ မျှော်မှန်းထားတာ သိန်း ၅၀၀ပေါ့။မနေ့ကဆို ကမ်ပိန်းက ၁၀ရက်ရှိပြီ။ရရှိငွေက သိန်း၅၀တစ်သောင်းကျပ်ပဲရှိသေးတယ်။ကျွန်တော်တို့မှာ ကမ်ပိန်းကြေညာပေးမယ့် လူလည်းမရှိ၊ အသိလည်းမရှိတော့ ရသလောက်နဲ့ တောင့်ခံနေရတာပေါ့။မြေပြင်ရဲဘော် တွေ အတွက် အရန်ကျည်ဖြည့်ရာမှာ ပါဝင်မှုက နည်းလွန်းတော့ ကျနော်တို့ ရဲ့ မြေပြင် ရဲဘော်တွေ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KRUတပ်ဖွဲ့သည်မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ရေးတင်းမာနေသည့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။