မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရက်ကျေးရွာတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များအား တောကျီးကန်း စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၁၆ ရက် ယနေ့ မနက် ၆ နာရီအချိန်တွင် သွာရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှူများရှိကြောင်း သိရသည်။
“ စစ်သားတွေ ကင်းပုန်းဝပ်တာ အနည်းဆုံး အင်အား ၁၅ နဲ့၂၀ ကြားမှာ ရှိတယ်လို့ သတင်ရထားပါတယ်ဗျ၊ ဒါကြောင့် ကျွန်တော်တို့ဘက်က သွားရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခက်ခဲ့တာပါဗျ၊ စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုတော့ ရှိတယ်” ဟု တောကျီးကန်းစစ်ကြောင်း၏ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိသော်လည်း တောကျီးကန်း စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များ အထိအခိုက်အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည် အရေအတွက် အတိအကျကိုတော့ တောကျီးကန်း စစ်ကြောင်းအနေဖြင့် ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ သထုံ ၊ဘီးလင်း ၊ ကျိုက်ထို မြို့နယ်အတွင်းနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်း တစ်လျှောက်တွင် စစ်ကောင်စီနှင့် တောကျီးကန်းစစ်ကြောင်းတို့ နေ့စဉ် ထိတွေ့မှုများ ရှိနေပါသဖြင့် ရန်ကုန်-မော်လမြိုင် ကားလမ်းအား အသုံးပြုကြသော မိဘပြည်သူများ အနေဖြင့် သတိနှင့် သွားလာကြရန်၊ သက်ဆိုင်ရာ စစ်တိုင်းဒေသများရဲ့ ထုတ်ပြန်ချက်များအပေါ် လိုက်နာကြရန်လည်း တောကျီးကန်း စစ်ကြောင်းအနေဖြင့် နှိုးဆော်တိုက်တွန်းမှုများ ရှိကြောင်း စုံစမ်း သိရသည်။