ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း ယခုနှစ်၊ ဇွန်လမှ ယနေ့ အထိ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားကာ တပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ယနေ့အထိ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်တော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား PKPDF – 1002 တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
“ ဇွန်လ ကနေ ဒီလ အထိဆို တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်တယ်။ သူတို့ဘက်က ၁၉ ဦး သေတယ်။ ဒီလိုသေတာက မြေပြင်မှာ မျက်မြင် အတည်ပြုနိုင်တာပေါ့။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်” ဟု ကိုလင်းလင်းက ပြောသည်။
ခေါင်းအိ-စက်တော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခလရ – ၂၄၈ တပ်ရင်းမှ တပ်ကူများအပြင် ပျူစောထီးများပါ ပါဝင်ကူညီတိုက်ခိုက်ခဲ့ပြီး PKPDF – 1002တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် KRU, SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့) ၊ LKPDF ၊ ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 – IPDF၊SSLRU နှင့် နေပြည်တော်-ပကဖတို့မှ ပူးပေါင်းကာ ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အထက်ပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးခဲ့သလို KRU ဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဖယ်ခုံ PDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
“ ဇွန်လ ၃၀ ရက်နေ့က ဖယ်ခုံ PDF က ရဲဘော်ဒယ်ဆီဒဲရို(ခ) ဒို ကျဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရပြီးပေါ့။ KRU က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်သုံးဦးကတော့ ဆေးကုသမှုခံယူနေပါတယ်။ ပြန်လည်ကျန်းမာနေပါပြီ။ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။
PKPDF – 1002 တပ်ရင်း နှင့် မဟာမိတ်တပ်ပေါင်းစုများ အနေဖြင့် စစ်ကောင်စီတပ်ထံမှ MG 3 ငါးကြင်းမှီး (1) လက်၊ MA 3 (1) လက်၊ တင့်ဖျက်မှိုင်းနှင့် ကျည် ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။