ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ၄ ဦးကျဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
“မနက် ၅ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ စကစဘက်အထိအခိုက်ကတော့ သူတို့ဘက်က အထိနာမှု ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်မှ စစ်ကူတောင်းလေ့ရှိတာပါ။ သိုင်းငင်းရွာမှာ စခအင်းအား ၅၀ နဲ့ ၆၀ ကြားလောက်ရှိပါတယ်။ ပထမ ခြေလျင်တပ်ကူတောင်းတယ်။ ကလေးက တပ်ကူလာတဲ့ကားတွေ လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခံရပြီး မရောက်နိုင်တော့မှ လေကြောင်းကူညီတောင်းပါတယ်”ဟု CDF CDM (Siyin) တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက MPA သို့ ပြောသည်။
တိုက်ခိုက်မှုဖြစ်နေစဥ်အတွင်း ကလေးမြို့စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ကူများပေးခဲ့ပြီး လေကြောင်းမှလည်း ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“စခန်းထဲရောက်ပြီး ကျည်မလုံလောက်တော့ နောက်တန်းကပို့ဖို့အတွက် နှစ်နာရီလောက် စခန်းထဲ ကစောင့်ရင်းတိုက်ရင်းနဲ့ နောက်ဆုံးပြန်ဆုတ်လိုက်ရပါတယ်။ လေယာဥ်နဲ့ ပစ်ခတ်မှုတွေက ကျတော်တို့ဘက်ထိခိုက်မှုမရှိပါဘူး။ စကစရဲ့ စနိုက်ပါနဲ့ ထိတာပါ”ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ပေါင်းစုများဖြစ်သည့် CDF CDM (Siyin)၊ PDF Zoland+B5 ME၊ CNDF၊ TCDF၊ CDF (KKG) B7၊ PDA နှင့် PDF (Kalay) S2 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကနဦးစုံစမ်းမှုအရ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများခဲ့သလို ပူးပေါင်းကာကွယ်ရေးအဖွဲ့မှ ၄ ဦးကျဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရှိရသည်။