မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်းမြို့နယ်၊ ထန်းလေးပင်ရွာဗမာစုရှိ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် ပျူစောထီးများထံမှ ဇူလိုင်လ ၉ ရက်နေ့က လက်နက် (၆) လက်၊ ကျည်အိမ်(၈) ခုနှင့် ကျည်(၁၀၀) တောင့်ခန့်ကို သိမ်းဆီးရမိကြောင်း တပင်ရွှေထီး စစ်ကြောင်း၏ တရားဝင် ဖေ့ဘုတ်စာ မျက်နှာမှ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ကြေညာချက်တွင် ပျူစောထီးခေါင်းဆောင်ထံတွင် လက်နက်များ ရှိနေကြောင်း ကြားသိရသည့် အတွက် သွားရောက်စီးနင်းရာမှ လက်နက်များနှင့် ကျည်ဆံများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ယခုလို ဖော်ပြထားသည်။
” ပျူစောထီးခေါင်းဆောင်ထံတွင်လက်နက်များရှိနေကြောင်း သတင်းအရ သထုံခရိုင်၊ အမှတ် (၂) KNLA/PDF ပူးပေါင်းတပ်ရင်းမှ UG ရဲဘော်များက ၉.၇.၂၀၂၃နေ့၊ ညနေ၅နာရီခန့်က သွားရောက်ပြီး ထန်းလေးရွာ၊ ဗမာစုနေ ပျူစောထီး ခေါင်းဆောင် ရွှေမြ၏ နေအိမ် အားအလစ်အငိုက် ဝင်ရောက်စီးနင်းရာမှ ၎င်းနေအိမ်မှ ရိုင်ဖယ်သေနတ် (၃)လက်နှင့် BA52 စတင်းဂန်း (၁) လက်၊ ကျည်အိမ်(၆)ခုနှင့်ကျည်ဆံများသိမ်းဆည်းရမိပြီး ဆက်လက်ဖော်ထုတ်စစ်ဆေးရာမှာ နောက်ထပ် ပျူစောထီးအဖွဲ့ဝင် (၂)ဦး၏နေအိမ်မှ ရိုင်ဖယ် (၁)လက်စီ နှင့်ကျည်အိမ်(၂)ခု စုစုပေါင်း လက်နက် (၆) လက်ကျည်အိမ်(၈)ခုနှင့်ကျည်(၁၀၀) တောင့်ခန့်ကိုသိမ်းဆည်းရမိကြောင်း” ရေးသားထားသည်။
ယင်းသို့ စီးနင်းမှုဖြစ်စဉ်တွင် ပျူစောထီးများမှ ပြန်လည်ခုခံခြင်းမပြုနိုင်ဘဲ အသာတကြည်လက်နက်ချခဲ့ကြသည့် အတွက် ထန်းလေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၏ အသက်အန္တရာယ်ကို တစုံတရာအရေးယူမှု မလုပ်ဆောင်ခဲ့ဘဲ သတိပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ထို့နောက် တပင်ရွှေထီး စစ်ကြောင်းမှ UG တော်လှန်ရေး အဖွဲ့ဝင်များ အားလုံးမှ လက်နက်များနှင့် အတူ လုံခြုံဘေးကင်းစွာ တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲဖြင့် ရေးသားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။