စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် စစ်ကောင်စီသည် စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေရာ ယမန်နေ့ ဇူလိုင် ၉ ရက်နေ့၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ မအူပျူရွာမှ စစ်ကြောင်းတစ်ကြောင်းသည် အင်အား ၄၀ ခန့်ဖြင့် အင်းရွာဘက်သို့ သေနတ်များပစ်ဖောက်ဝင်လာစဥ် မင်းကင်းအမှတ် ၁၁ တပ်ရင်းမှ ပြည်သူများဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရန် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးလာတာ။ နာရီဝက်ကြာ ထိတွေ့မှုဖြစ်ပါတယ်ဗျ။ အင်အားချင်းမမျှတာမို့ နောက်ပြန်ဆုတ်ပေးလိုက်ရပါတယ်။ သူတို့ဘက် ထိခိုက်မှုရှိနိုင်မယ်ဗျ။ လက်နက်ကြီး တအားကျလာလို့ သေချာမသိရသေးပါဘူး။ ကျတော်တို့ဘက်က အထိအခိုက်မရှိပါဘူး”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MKPDF2) ၏ တပ်ရေးဗိုလ်ကြီးက MPA သို့ ပြောသည်။
အင်းရွာဘက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ကြာပင်ရဲစခန်းမှ စစ်ကောင်စီအင်အား ၁၀၀ ခန့်သည် ပိက္ခယားရွာသို့ လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟု သိရသည်။
“ပိက္ခယားရွာဘုန်းကြီးကျောင်းထဲမှာ ကြာပင်ရဲ စခန်းက စစ်ကြောင်းနဲ့ သယ်လာတဲ့ လက်နက်ခဲယမ်းပုံးတွေကို မအူပျူရွာက လာရောက်သယ်ဆောင်သွားတယ်ဗျ။ ပြီးတော့ ပိက္ခယားရွာက ပြည်သူနေအိမ်အားလုံးနီးပါးကို ဝင်ရောက်ရှာဖွေပြီး တွေ့ရာပစ္စည်းတွေ ခိုးယူသွားတယ်။ ပိက္ခယားရွာက ပြည်သူပိုင် နေအိမ်တစ်လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းသည် အင်းရွာမှ ပြည်သူပိုင် ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၁ စီး ၊ ဆိုလာ ၁ ချပ်၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်း၊ နားကပ် ၁ စုံ ၊ ပိုက်ဆံ ၁ သိန်းတို့ကို ယူဆောင်သွားပြီး ရေစက် ၁ လုံး၊နွား ၁ ကောင် ၊ကျွဲ ၁ ကောင်နှင့် ဝက် ၁ ကောင်တို့ကိုလည်း သတ်ဖြတ်ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ယခုအခါ မင်းကင်းမြို့နယ်တွင် စစ်ရေးအခြေအနေများ ရှုပ်ထွေးနေသည့်အတွက် ပြည်သူများဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရန်နှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။