ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် (၇၄) နှစ်မြောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့၌ အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
အဆိုပါ အခမ်းအနားအား ဇူလိုင်လ (၅) ရက်နေ့၊ ယမန်နေ့တွင် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ တပ်ရင်း (၁၈) ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် (၇၄) နှစ် ပြည့်မြောက်က်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
” (၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ကို ကျတော်တို့ မြို့နယ် အသီးသီးမှာ ကျင်းပဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ အကျဥ်းချုပ်လေးပဲပေါ့ “ ဟု ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းအခမ်းအနားသို့ KNU ကရင်အမျိုးသားအစည်းအရုံးမှ မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တပ်ရင်းမှူးနှင့် တပ်ဗိုလ်၊ တပ်မှူးများ၊ ကျေးရွာအုပ်စုမှူးများနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း (၃၀၀) ဝန်းကျင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
“ ၇၄ နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူလေး) တပ်မတော်နေ့မှ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ ရပ်တည်ရေး၊ ဖက်ဒရယ် နိုင်ငံတော်အသစ် တည်ဆောက်ရေးတို့တွင် မည်သို့သော စိန်ခေါ်မှုမျိုးကိုမဆို ပြည်သူလူထုနှင့်အတူ ရပ်တည်ပေးပါသော မဟာမိတ် KNU/KNLA ၏ သက်ဆိုင်ရာ တာဝန်အသီးသီးရှိသော ပုဂ္ဂိုလ်များအား လေးစားဦးညွတ်အပ်ပါသည်” ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့နှင့် စပ်လျဉ်း၍ PDF ရဲဘော်တစ်ဦးက ပြောသည်။
အခမ်းအနားတွင် (KNU) ဗဟိုဥက္ကဋ္ဌနှင့် (K.N.L.A) စစ်ဦးစီးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ကရင့်တော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များနှင့် ခေါင်းဆောင်များအား အောက်မေ့ဂုဏ်ပြုအလေးပြုခြင်း၊ ကော်သူးလေ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းပြောကြားခြင်း၊ (K.N.L.A) တပ်ရင်း (၁၈) မှူးမှ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထုများသို့ အားပေးတိုက်တွန်းစကား ပြောကြားပြီး အခမ်းအနားအစီအစဥ်ကို ကရင်အမျိုးသားသီချင်းဖြင့် ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
၁၉၅၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ မောကို (ဆောထိမြို့နယ်) တွင် ပြုလုပ်သည့် ကရင်တစ်မျိုးသားလုံးဆိုင်ရာ ကွန်ကရက်တွင် ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာစီမံချက်များကို ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများမှ အတည်ပြုခဲ့ကြပြီး ဖွဲ့စည်းပုံနှင့် စုဖွဲ့မှုများကို ပြင်ဆင်မွန်းမံခဲ့ကြသည့် ဇူလိုင်လ (၅) ရက်နေ့ကို အစွဲပြုကာ ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုမှတစ်ဆင့် ခေတ်စနစ်နှင့် နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်လာမှုကြောင့် ကော်သူးလေတပ်မတော်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖြစ် ပြောင်းလဲကာ အသိအမှတ်ပြုခေါ်ဝေါ်ခဲ့ကြပြီး KNU−ကရင်အမျိုးသားအစည်းအရုံ၏ ဦး ဆောင်မှုအောက်တွင် ကရင်လူထုအကျိုးအတွက် (၇၄) နှစ်တိုင်လာသည်အထိ ရပ်တည်လာခဲ့ကြသည့် ကရင်လူထုတစ်ရပ်လုံး၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်းလည်း သိရှိရပါသည်။