အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် သေးဖြင့်ပန်းသည့် ပန်း သပိတ်ကို ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF) အဖွဲ့မှ ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း YRF အဖွဲ့ထံမှ သိရသည်။
YRF အဖွဲ့ဝင်တစ်ဦးမှ မင်းအောင်လှိုင်ပုံကို ခြေထောက်ရှေ့နှင့် ခြေထောက်ကြားတွင်ထားကာ သေးဖြင့်ပန်းသည့် ပန်း သပိတ်ကို ပြုလုပ်၍ စစ်အာဏာရှင်စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ မင်းအောင်လှိုင်မွေးနေ့မှာ သူကြိတ်ပြီးအားကျနေတဲ့သူ တစ်ယောက်လိုမျိုး မင်းအောင်လှိုင်ကိုလည်း ပန်း သပိတ်လုပ်ပေးဖြစ်တာပါ။ မင်းအောင်လှိုင်နဲ့ စစ်တပ်က မနာလိုတဲ့ဓာတ်ခံလေးလည်း ရှိကြတာကိုး။ ဒါကြောင့် ဇွန် ၁၉ မှာ ပန်းပန်တဲ့သူတွေကိုတောင် ဖမ်းဆီးတာတွေလုပ်ကြတယ်။ သူ့အတွက် ပန်းကတော့ ပွင့်တဲ့ပန်းမဟုတ်ပဲ သေးနဲ့ပန်းပေးတာပေါ့။ ပြည်သူက ရွံရှာမုန်းတီးနေတဲ့ သူအတွက် ပြည်သူပေးမှာက ဒါမျိုးနဲ့ ကျိန်စာပါပဲ” ဟု YRF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ယနေ့တွင် အသက် ၆၇ နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့အစိုးရနှင့် ပြည်သူများထံမှ မတရားသဖြင့် စစ်အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ၎င်းဘာသာ ခန့်အပ်ထားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် ၎င်းဘာသာ ပြန်လည်ခန့်အပ်ကာ တာဝန်ထမ်းဆောင်နေပြီး ၎င်း ဖန်တီးထားသော အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ် အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ် ဥပဒေပြုရေးအာဏာတို့ကို ကျင့်သုံးကာ ၎င်းတို့အားဆန့်ကျင်တော်လှန်နေသည့် ပြည်သူလူထုတစ်ရပ်လုံးအား ယနေ့အချိန်အထိ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဖိနှိပ်၊ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည်။