ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၁၊ သထုံခရိုင်၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ကော်သူးလေ သစ်ပင်စိုက်လအတွက် အခမ်းနားကျင်းပကာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
KNU၊ ဒူးသထူခရိုင် သစ်တောဌာနမှ ဦးဆောင်၍ ဇူလိုင်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျရောက်သည့် ကော်သူးလေ သစ်ပင်စိုက်လအတွက် ယမန်နေ့တွင် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အခမ်းအနားအား ဇူလိုင် ၁ ရက်နေ့၊ နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး ခရိုင်သစ်တောဌာနမှူးက အဖွင့်မိန့်ခွန်းပြောကြား၍ ကော်သူးလေ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ဒူးသထူခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ခံက အခမ်းအနား တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
“ အခုက သစ်တောတွေ တအားပြုန်းတော့ ရာသီဥတုကလည်း ဖောက်ပြန်တယ်လေ။ ဒါက အန္တရာယ်ကြီးပါတယ်။ အဲ့ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်အဓိကပါ “ ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် တက်ရောက်လာသော ခရိုင်ခေါင်းဆောင်များက ကော်သူးလေ သစ်ပင်စိုက်နေ့အတွက် တိုက်တွန်း အားပေးစကားပြောကြားခဲ့ပြီး အခမ်းနားအစီစဥ်အား ပိတ်သိမ်းပြီးနောက် သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
“ ဒီသစ်ပင်စိုက်ခြင်းက နှစ်စဥ်ရှိပါတယ်။ အခုက KNU ဗဟို သစ်တောဌာန အစီအစဉ်နဲ့ ခရိုင်အသီးသီးစိုက်ဖို့ ရှေ့ဆောင်မှု ပေးပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
အဆိုပါ အခမ်းအနားသို့ KNU၊ ဒူးသထူခရိုင်ရှိ ခရိုင်ခေါင်းဆောင်များ၊ မြို့နယ်ခေါင်းဆောင်များ၊ ဌာနအသီးသီးမှ တာဝန်ခံများ၊ KYO၊ KWO နှင့် ကျေးရွာနေ ဒေသခံများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်များ စုစုပေါင်း (၃၀၀) ကျော် ပါဝင်တက်ရောက်ကာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ပြီး စုစုပေါင်း သစ်ပင် (၁,၅၀၀) ပင်အား သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွင်း KNU- ဒူးသထူခရိုင်တွင် သစ်ပင် စုစုပေါင်း (၇,၀၀၀) ပင် စိုက်ပျိုးထားခဲ့ပြီး ကော်သူးလေ သစ်ပင်စိုက်လဖြစ်သော ဇူလှိုင်လ (၁) ရက်နေ့၊ ယမန်နေ့တွင် သစ်ပင် (၁၅,၀၀) ပင် ထပ်မံ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဌာန အတွင်းရေးမှူးက ပြောကြားထားသည်။