စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် ယနေ့ ဇွန်လ ၂ ၉ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှ တဆင့် ရေးသားဖော်ပြထားသည်။
စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည့် ရေးသားချက်အရ ၎င်းသည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ၂၀၂ ၃ခုနှစ် ဇွန်လ ၂၉ ရက်အထိ ၂ နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။
စေပိုင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးမောင်ဝိတ်သည် လာဘ်ငွေယူသည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာ ငါးသိန်းခွဲ လာဘ်ငွေပေးခဲ့ရကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်က တရားရုံးတွင် ဝန်ခံ ထွက်ဆိုခဲ့သူဖြစ်သည်။
ထို့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအတွက် အလှူငွေလက်ခံခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာမျိုးအောင်၏ အဂတိမှုတွင် ငွေကျပ်သိန်း ၁၁၀ အား ဒေါက်တာမျိုးအောင်ထံ အလှူပေးခဲ့ကြောင်း ထွက်ဆိုထားသလို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံသို့ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ပေးလှူခဲ့ကြောင်းလည်း ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က ထွက်ဆိုခဲ့သည်။