မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မိုးပြန်လည် ရွာသွန်းနေပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိုးစပါးများပြန်လည် စိုက်ပျိုးရန် လယ်ယာသုံးစက်ပစ္စည်းများအား အခကြေးငွေဖြင့် ငှားနေရကာ တစ်ဧကလျှင် ကျပ် ၇၀,၀၀၀ ကျော်ထိ ပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ဝါးတစ်ရာ (တစ်ဧက မပြည့်) ကို ၇၀,၀၀၀ ပေးရတယ်။ လယ်တစ်ဧကကိုဆိုရင် ဝါး ၁၂၅ ပြန်ရှိတယ်။ အခုက တစ်ဧက မပြည့်တာတောင် ထွန်ခက ၇၀,၀၀၀ ပေးနေရတယ်။ ဆီဖိုးရော ထွန်ခရော အကုန်လုံးတော့ အပြီးအစီးပေါ့”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယခင်က တစ်ဧကလျှင် အပြီးအစီး သုံးသောင်းကျပ်မှ လေးသောင်းကျပ် အကြားရှိပြီး စက်မောင်းခအဖြစ်လည်း ယခင် ၇ ထောင်ကျပ်သာပေးရပြီး လက်ရှိတွင် ၁ သောင်းကျပ်သို့ စျေးတက်သွားသည်ဟု စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်ရှိ စပါးစိုက်ပျိုးကြသော ဒေသခံတစ်ချို့အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်စဉ်က မျိုးစပါးများ ဆုံးရှုံးခြင်း၊ လယ်ယာသုံးကျွဲနွားများ ဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည့်အတွက် လိုအပ်သော မျိုးစပါးများ ထောက်ပံ့မည်ဖြစ်သည့်အပြင် လယ်ထွန်စက်များဖြင့်လည်း ထွန်ယက်ပေးနေကြောင်း ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇွန်လ ၂၆ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားသည်။
“ပျိုးစပါးရဖို့တွေ ဘာတွေကတော့ သူတို့ (စကစ) ကိုလည်း အားကိုးလို့ အမှန်တကယ်မရပါဘူး။ ကိုယ့်ဘာသာပဲ လယ်စိုက်ဖို့ ရှိတာနဲ့ လုပ်ရတာပါပဲ။ လယ်ထွန်ဖို့ စက်တွေကလည်း သူတို့ကသာ ကူညီတယ် ထွန်ပေးနေတယ်လို့ ပြောတာ ဒီဘက်တော့ မရောက်သေးဘူး။ အခုမှ စပေးတာမို့လို့ မရောက်သေးတာလားတော့ မသိဘူး။ အခုကတော့ ထွန်စက်ရှိတဲ့ အိမ်တွေကနေ စက်တွေ ငှားပြီး ထွန်တယ်။ အရင်ကထက် ငှားခတွေလည်း ဈေးတက်လာတယ်။ အရင်နှစ်က ငှားခက တစ်ဧကမှ သုံးလေးသောင်းပဲ ရှိတာ အခုက တစ်ဧကတောင် မပြည့်တာကို ၇၀,၀၀၀ လောက်ဖြစ်နေတယ်။ ဧကများရင် ငှားခနဲ့က အဆင်မပြေဘူး”ဟု ကျောက်တော်မြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထို့အပြင် မုန်တိုင်းကြောင့် မျိုးစပါးများ ပျက်စီးသွားသည့်အတွက် အခက်အခဲများနှင့် ကြုံနေတွေ့ရသလို ဆားငန်ရေများဝင်သွားသည့် လယ်မြေများတွင် ရသလောက် စိုက်ပျိုးမည်ဖြစ်သည့်အတွက် စပါးမဖြစ်ထွန်းမည်ကို စိုးရိမ်ကြောင်းလည်း သိရသည်။
“မုန်တိုင်းကြောင့် အိမ်တွေ ပျက်သွားတော့ လယ်ထွန်ချိန်သုံးဖို့ ထားတဲ့ ငွေတွေကို အိမ်ဆောက်ဖို့ သုံးလိုက်ရတယ်။ အခုက လယ်ထွန်ပြီး စပါးစိုက်ဖို့က မျိုးစပါးရော၊ ထွန်စက်ရော အခက်အခဲဖြစ်နေပါတယ်။ သူတို့ ထုတ်ပေးမယ့်အချိန်နဲ့ လာထွန်ပေးမယ့်အချိန်ကိုပဲ စောင့်ရမလား ငွေတိုးချေးပြီးပဲ လုပ်ရမလား ဝေခွဲရခက်တယ်။ အခုချိန်က လက်ထဲ ပိုက်ဆံရှိရင်တောင် မျိုးစပါးက ဝယ်ရခက်နေပြီ”ဟု ရခိုင်ပြည်နယ်မှ ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်သွားသည့်အတွက် မြို့နယ်အများစုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး လူဦးရေ ရာနှင့်ချီ သေဆုံးခြင်းများ၊ နေအိမ်အဆောက်အအုံများ ပျက်စီးခြင်း၊ ကျွဲနွားများ သေဆုံးခြင်းများလည်း ဖြစ်ပေါ်ခဲ့ကာ မုန်တိုင်းအလွန် ၂ လနီးပါးကာလ ရောက်သည်အထိ ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
မုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်အတွင်း လယ်ယာသုံး ကျွဲနွားများ ဆုံးရှုံးခဲ့ရပြီးနောက် ဒေသခံများအနေဖြင့် ထွန်စက်များ အသုံးပြုလာရကာ ယင်းထွန်စက်များတွင် အသုံးပြုရသော စက်သုံးဆီများ ဈေးမြင့်တက်ခြင်း၊ ထွန်စက်မောင်းပေးမည့်သူ မရှိခြင်း၊ ထွန်စက်မောင်းနှင်ပေးမည့်သူအား ငှားရမ်းရခြင်းတို့ကြောင့် လယ်ထွန်စက်ငှားရမ်းခများသည် အပြီးအစီး ကျပ် ၇၀,၀၀၀ ကျော်ထိ ဈေးတက်လာရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားနှင့် ပေါက်တောမြို့များအတွက် လိုအပ်သည့် မျိုးစပါးများအား နေပြည်တော်၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ မော်လမြိုင်ကျွန်းနှင့် တွံတေးတို့မှ တဆင့် စိုက်ပျိုးချိန်အမီ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထားသည်။
ထို့အပြင် လယ်ထွန်စက် အစီးပေါင်း ၈၀ ဖြင့် မြို့နယ်အချို့တွင် ထွန်ယက်ပေးနေကာ တချို့ဒေသများတွင် တောင်သူများအား ထွန်းစက်မောင်းသင်တန်းများပေး၍ ထွန်စက်ငှားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။