စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့အနီးတွင် စစ်ကောင်စီရေယာဥ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army-BHA ထံကသိရသည်။
ဇွန်လ ၂၈ ရက်နေ့ ၊မွန်းလွဲ ၁၂ နာရီမိနစ် ၄၀ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှအင်အား ၁၀၀ ဝန်းကျင်ရှိစစ်သားများသည် မင်းထောင့်ဆိပ်ကမ်းမှနေ၍ ရေယာဥ်(ဖလပ်ခွန်) ၃ စီးဖြင့် စစ်ကိုင်းဘက်သို့ ထွက်ခွာလာစဥ် ဆားလင်းကြီးမြို့အနီး၌ ပဒေသာမိုင်းပွိုင့် ၄ လုံးဖြင့်ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ၃ မိနစ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“နမခ ကထွက်လာတဲ့ခွေးတွေကို တိုက်တာ။ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်။ဖလပ်ခွန် က ရပ်နေတာမဟုတ်တော့ ထိခိုက်သေဆုံးစာရင်းကိုမသိနိုင်ဘူး။ပဒေသာ က တစ်ခါခွဲ ရင် ရှေ့ထွက်ပြောင်း ၄ ပြောင်း စုစုပေါင်း ၁၆ ပြောင်းနဲ့ခွဲတာပါ။သူတို့က ၆၀ (မမ)နဲ့ ၂ ချက်ပြန်ပစ်တယ်။စက်ကလေးနဲ့ကတော့ တောက်လျှောက်ဆွဲတာ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။ဒီတိုက်ပွဲကို CFG က ဦးဆောင်တာ”ဟု Brave Heart Army-BHA တာဝန်ခံ ရဲဘော်အောင်ဦး ကပြောသည်။
ယင်းတိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G)၊Farmers Revolution Force-3 မုံရွာခရိုင် တပ်ရင်း-၁၀၊ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army (B.H.A)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။