ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်အနီးတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့၊ ည ၇နာရီ ၄၀ မိနစ်ခန့်က လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်အနီးတွင် ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ယခုလ(ဇွန်လ)အတွင်း ဒုတိယအကြိမ် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း လားရှိုးမြို့နေဒေသခံ တစ်ဦးက ပြောသည်။
“ ဒီည ပေါက်တာ။ ဘယ်သူတွေထိလဲဆိုတာတော့ မသိဘူး။ စစ်သားတွေ ရောက်လာပြီ။ အသံကတော့ တော်တော်ကျယ်တယ်။ ဒီလထဲ အဲ့နားမှာ တစ်ခါပေါက်သေးတယ်။ လူတွေသွားလာနေတုန်း ပေါက်တာလို့ကြားတယ်။ သေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။
အထက်ပါ ဗုံးပေါက်ကွဲမှုသည် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ Fully Light ဟိုတယ်ပိုင်ရှင်အား ဆတ်ကြေးမရရှိသည့် အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အခုက လားရှိုးကို တရုတ်တွေ ဝင်လာတာ။ အခုပေါက်တဲ့နေရာကလည်း တရုတ်သူဌေးပိုင်တဲ့ နေရာပေါ့။ ဝေစုမရလို့ ဖောက်တဲ့ သဘောပဲ။ ဒီလထဲ ဇွန်လ ၉ ရက်နေ့ကလည်း ပေါက်ပြီးပြီ။ ကားပေါ်မှာ ပေါက်တာ။ လူမသေပေမယ့် ကားသုံးစီး ထိသွားတယ်။ ဒါက ဒုတိယအကြိမ်ပေါ့” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရမှု ရှိမရှိနှင့် မည်သည့် အဖွဲ့အစည်းမှ ပြုလုပ်ကြောင်း MPA အနေဖြင့် တိတိကျကျ မသိရှိရသေးပေ။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက်(၂) ရှိ Golden Hill Hotel ရှေ့ ယာဉ်ရပ်နားရာ နေရာသို့ TNLA တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်ဖြင့် လာရောက်ကာ လက်လုပ်ဗုံးအား ပစ်သွားခဲ့ပြီး Grande Mark 2 အမျိုးအစားယာဉ်၏ ဘေးကိုယ်ထည် ပွန်းပျက်ခြစ်ရာများ ဖြစ်ကာ လုံခြုံရေးဝန်ထမ်း တစ်ဦး သွားကျိုးခဲ့ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သေးသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ်ရှိ တရုတ်လူမျိုးပိုင် ဟိုတယ်များအနီးတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေသဖြင့် ဒေသခံများမှ စိုးရိမ်နေကြကြောင်း MPA မှ စုံစမ်းသိရသည်။