ကယား(ကရင်နီ)ပြည်နယ်အား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ကာ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့အား စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့၊ ညနေ ၅နာရီကျော်မှ စတင်ကာ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း၊ လွိုင်ကော် မြို့ပြင်၊ ဒီမော့ဆို အရှေ့ဘက်ခြမ်းနှင့် မိုးဗြဲမြို့များအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေ ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ဆိုသည်။
“ အခုထိပစ်နေတုန်းပဲ။ မိုးဗြဲ ၊ ဒမဆ အရှေ့ခြမ်း ၊ လကမြို့ပြင် တနေရာ ၊ လက အရှေ့ဘက်ခြမ်း နေရာ တော်တော်များများကို စကစ ဘက်က လက်နက်ကြီးနဲ့ ပစ်နေတယ်။ လွိုင်ကော် မြောက်ဘက်ခြမ်းနဲ့ လွိုင်ကော်မြို့ထဲကနေ ပစ်နေကြတာ။ တိုက်ပွဲတော့ မဖြစ်သေးဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က မိုးဗြဲမြို့အနီးတွင် ဂျက်လေယာဉ်တစ်စီး ဝဲကာ ကင်းပတ်နေကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ အခုက မိုးဗြဲဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတာ။ ဖယ်ခုံဘက်လည်း ဖြစ်သွားနိုင်တယ်။ ညနေ ၅နာရီ ၄၀ မိနစ် လောက်က တောင်ငူဘက်ကနေ မိုးဗြဲဘက်ကို ဂျက်လေယာဉ် နောက်တစ်စီး ထပ်ထွက်လာတယ်။ ဒီဘက်ကလည်း အသင့်စောင့် နေကြပါတယ်။ ဖယ်ခုံကို သွားမသွားတော့ ပွဲကမှပဲ သိရမှာမို့လို့။ အခုတော့ မြေပြင်အခြေအနေအရပဲ ပြောနိုင်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကယား(ကရင်နီ)ပြည်နယ်ရှိ လွိုင်ကော်မြို့ ၊ ဒီမော့ဆိုမြို့နယ်နှင့် မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် Missile long-range weapon အသံများ ကြားနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။