ယခုဇွန်လအတွင်း မင်းတပ်မြို့နယ်မှ ရာနှင့်ချီသော ချင်းလူငယ်များ ပြည်ပနိုင်ငံများနှင့် ပြည်တွင်းရှိ တစ်ခြားဒေသများသို့ ထွက်နေကြောင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းယောမာန်က MPA သို့ ပြောသည်။
“ထွက်ခွာတာကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ တည်းက ထွက်ကြတယ်။ ရေကြည်ရာ မြက်နုရာ ရှာကြတယ်။ ဆွေမျိုးတွေ ရှိတဲ့နေရာတွေကို သွားကြတယ်။ အာဏာသိမ်းပြီးတည်းက တောက်လျှောက်ကို ထွက်နေကြတာပေါ့။ အခုလထဲမှာဆိုရင် တစ်ရက် တစ်ရက်ကို ရာနဲ့ချီပြီး ထွက်ကြတာ။ ၆၀၊ ၈၀၊ ၁၀၀ အဲ့ဒီနှုန်းတွေနဲ့ ထွက်သွားနေကြတယ်”ဟု ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောသည်။
အာဏာသိမ်းပြီးတည်းက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်များအနေဖြင့် ပြည်ပနှင့် ပြည်တွင်းရှိတခြားဒေသများသို့ နေ့စဉ်ထွက်ခွာနေကြကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ ပိတ်ပင်မှုများရှိခဲ့သော်လည်း လူငယ်များထွက်ခွာမှုသည် ယခုနှစ် ဇွန်လတွင် ပိုမိုများပြားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီမှ မင်းတပ်မြို့နယ်ကျေးရွာများရှိ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေစဉ်အတွင်း ချင်းလူငယ်များသည် ပြည်ပနှင့် ပြည်တွင်းတစ်ခြားဒေသများသို့ ထွက်ခွာမည်ဆိုပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်၏ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်းလည်း သိရသည်။
“တစ်ရက် တစ်ရက်ကို ဒီနှုန်းနဲ့သာ ထွက်နေမယ်ဆိုရင် တစ်လအတွင်းကို တစ်သောင်းဝန်းကျင်လောက် ပြည်ပကို ထွက်သွားနိုင်တယ်။ တော်လှန်ရေးမှာ ပါနေတဲ့ လူငယ်တွေမှာလည်း ခံစားချက်ရှိကြပါတယ်။ သူတို့မှာတော့ ကျိုးကန်းပြီး သေကြေတဲ့အထိ ပေးဆပ်ရပြီး တချို့လူငယ်တွေကျတော့ ပြည်ပတွေထွက် ပျော်ပါးနေကြတဲ့အပြင် တော်လှန်ရေးလူငယ်တွေကို ချိုးနှိမ်ပြောတာမျိုးတွေ ဖြစ်တော့ တော်လှန်ရေးလူငယ်တွေမှာ ခံစားချက်တွေ ဖြစ်ကုန်တာပေါ့။ ဒီလိုဖြစ်လာရင် တော်လှန်ရေးကို တအား ထိခိုက်လာနိုင်တာပေါ့။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ခွင့်ပြုချက်မရရင် မသွားရဘူးလို့ ပြောတာပါ”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းယောမာန်က ဆက်ပြောသည်။
ထို့အပြင် ဒေသတွင်းမှ လူငယ်များ ထွက်ခွာမှုနှုန်းများလာပါက ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးလုပ်နေခြင်းသည် အလကားဖြစ်သွားနိုင်ကြောင်းလည်း ဆိုသည်။
မင်းတပ်ဒေသတွင်းမှ ထွက်ခွာကြသော ဒေသခံ ချင်းလူငယ်များသည် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကာလနှင့် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ စီးပွားရေး အကြောင်းပြချက်များ၊ ပညာရေး အကြောင်းပြချက်များနှင့် စစ်ဘေးရှောင်ရန် စသည့် အကြောင်းပြချက်များဖြင့် ဒေသစွန့်ခွာမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ချင်းလူငယ်များအနေဖြင့် ဒေသစွန့်ခွာထွက်သွားခြင်းများကြောင့် ဒေသတွင်း လက်မှုလုပ်ငန်းများအား ဆက်ခံ၍ လုပ်ကိုင်သူများ မရှိတော့ဘဲဖြစ်နေကာ လူနေမှုနှင့် ရိုးရာယဉ်ကျေးမှုများလည်း ပျောက်ဆုံးလာကြောင်း သိရသည်။