ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ကလေးတစ်ဦးသည် ငါးမျှားရာမှ ငါးမျှားကြိုးနှင့် ဓာတ်တိုင်ရှိ မီးကြိုးနှင့် ညှိကာ ဓာတ်လိုက်ခဲ့ကြောင်း၊ ယင်းဓာတ်လိုက်ရာမှ ရရှိသည့် ဒဏ်ရာများမှာ ရေရှည် ကုသရန် ကုသစရိတ်အကူအညီ လိုအပ်နေကြောင်း သိရသည်။
“ ကလေးက မိုးညှင်းမြို့နယ် -မိုးဒါးစုရပ်ကွက်မှာ နေပါတယ်၊ သူငယ်ချင်းတွေနဲ့ ငါးသွားမျှားရင်း ငါးမျှားတံရေထဲပြုတ်ကျသွားလို့ သွားကောက်ယူချိန် ငါးမျှားကြိုးက. ဓာတ်တိုင်မိန်းကြိုးကို ထိမိလို့ ဓာတ်လိုက်တာပါ၊ သူငယ်ချင်းက ဘုန်းကြီးကို အရင်အကြောင်းသွားကြားပြီး မီးငြိမ်းဖို့ လူ(2)ယောက်လွှတ်လိုက်တာတဲ့ ၊ လူကြီးတွေရောက်သွားတော့ ကလေးက လူးလိမ့်ပြီး ခံစားနေရပါတယ်။ ၊မိဘတွေကတော့ အလုပ်သွားလုပ်နေကြလို့ နေ့လည်(11)နာရီလောက်မှ သိရတာပါ၊ အဲ့နေ့မှာပဲ မိုးညှင်းကနေ မြစ်ကြီးနားဆေးရုံကြီးကို ညနေပိုင်း (3)နာရီမှာ ပို့ခဲ့တာပါ” ဟု ကူညီပေးနေသူတစ်ဦးမှ ပြောသည်။
မြစ်ကြီးနားဆေးရုံတွင် တက်ရောက်ကုသခံနေရသည့် ကလေးမှာ မောင်ဇာနည်မောင်ဟု ခေါ်သော အသက် ၁၂ အရွယ် ယောကျ်ားလေး တစ်ဦး ဖြစ်ကြောင်း လက်ရှိတွင် မောင်ဇာနည်မောင်သည် ဓာတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ခန္ဓာကိုယ် အပေါ်ပိုင်းတွင် မီးလောင်ရာမှ ကျန်ခဲ့သည့် ဒဏ်ရာများ အပြည့်ဖြစ်နေပြီး အထူးသဖြင့် ညာဘက်လက်တွင် အရိုးအဆစ်များလည်း ကြွေကျသည်အထိ ခံစားခဲ့ရကြောင်း သိရသည်။
“ ခုချိန်မှာတော့ ဆေးကုသဖို့ ငွေအား အကူအညီ အဓိက လိုအပ်တယ်လို့ပြောတယ်ရှင့်။ ဖခင်ကတော့ ကျဉ်စင်နဲ့ငါးဖမ်းတဲ့ အလုပ်လုပ်တယ်တဲ့။ မိခင်ကတော့ သူများအိမ်မှာ အဝတ်လျှော်ပေးတာပါတဲ့” ဟု ကူညီပေးနေသူ တစ်ဦးမှ ပြောသည်။
မောင်ဇာနည်မောင်မိသားစုတွင် မိသားစုဝင် ၅ ဦးရှိကာ မောင်ဇာနည်မောင်သည် နို့ညှာဖြစ်ပြီး သူ့အောက်တွင် ၁၀ လသားအရွယ် ဖြစ်ကြောင်း သိရသည်။
“ မိဘနှစ်ပါးတော့ အလှူခံတာမျိုး မရှိဘူး။ သူတို့ ခက်ခဲနေတာကို ဘေးလူတွေက သိပြီး ဘေးကလူတွေပဲ စိတ်မကောင်းဖြစ်လို့ လှူကြတာပါ” ဟု ကူညီပေးသူက ဆက်ပြောသည်။
မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေသော မောင်ဇာနည်မောင်အား ဆရာဝန်များက ရန်ကုန်ဆေးရုံတွင် ဆေးကုသမှု ခံယူစေချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် မြစ်ကြီးနာဆေးရုံတွင် ကုသနေရကြောင်း သိရသည်။ လက်ရှိတွင် မြစ်ကြီးနားဆေးရုံ အပေါ်ဆုံးအထပ် ခွဲစိတ်ကုသဆောင်တွင် ကုသနေပြီး ကူညီချင်သူများအနေဖြင့် သွားရောက်ကူညီနိုင်ကြောင်း စုံစမ်းသိရသည်။