တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကမ်းခြေအနီးသို့ အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘောများ ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့က ဝင်ရောက်လာခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရသည်။
စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းတွင် ယင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ တထောင်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
“အရင်က စခန်းမှာ စစ်ဘေးရှောင်က ရာကျော်လောက်ပဲရှိတာ။ မနေ့ညကမှ မောင်းမကန် ကမ်းခြေအနီးနား ရွာတွေက ပြည်သူတွေ ပြေးလာတာ။ စစ်ကောင်စီက စစ်သင်္ဘောတွေနဲ့ ဝင်ရောက်လာတာ အဲ့တာကြောင့် ကြောက်လန့်ပြီး ပြေးလာတော့ စစ်ရှောင်က ထောင်ကျော်သွားတာ” ဟု စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်နေသူတစ်ဦးမှ MPA သို့ပြောသည်။
၎င်းက ဆက်လက်ပြီး “ မနေ့က ညနေမှ ပြည်သူတွေ စစ်ရှောင်စခန်းကို အသည်းအသန် ပြေးလာကြတာ ဆိုတော့ လူဦးရေတိတိကျကျတော့ စာရင်းမကောက်ရသေးဘူး။ ထောင်ဂဏန်းတော့ကျော်သွားပြီ။ ပြေးလာတဲ့သူတွေက ရွာ ၇ ရွာလောက်က သူတွေဆိုတော့ အတော်များတယ် စားနပ်ရိက္ခာကလည်း မိုးတွင်းအတွက် ကြိုစုစောင်းထားတာရှိတော့ အခက်အခဲတော့သိပ်မရှိဘူး ရက်ကြာလာရင် ရိက္ခာမလောက်မှာတော့ စိုးရိမ်မိတယ်” ဟု ပြောပါသည်။
ယခုလို စစ်ကောင်စီ၏ တပ်သင်္ဘောများ ကမ်းခြေနှင့် နီးကပ်လာခြင်းသည် ဒေသခံ ပြည်သူတွေကြား စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ယခုလို ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း ထွက်ပြေးလာသူဒေသခံတစ်ဦးမှ ဆိုသည်။
“ ကျွန်တော်တို့ရွာက ကမ်းခြေနဲ့နီးတော့ သူတို့လာတာသိတော့ ထွက်ပြေးဖို့လုပ်ကော။ သူတို့က ဘာလို့လာမှန်း မသိဘူး။ ဒါပေမဲ့ သူတို့လာတယ်ဆိုတည်းက ကောင်းတဲ့ လက္ခဏာမှ မဟုတ်တာလေ။ အဲ့တာကြောင့် ထွက်ပြေးလာတာ။ ဘာမှ သိမ်းချိန်တော့မရှိဘူး အရေးကြီးတဲ့ စာရွက်စာတန်း ပစ္စည်းတွေပဲ ယူပြီး ထွက်လာခဲ့သာ” ဟု မောင်းမကန်ရွာက ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါသည်။
မောင်းမကန်ရွာ အပါအဝင် ကျောက်ဆင်ရွာ၊ ပြင်ကြီးရွာ၊ ပန်းတက်အင်းရွာ စသည့် ကမ်းခြေနှင့် နီးသည့် ရွာအများစုမှ ဒေသခံများ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။
“ကမ်းခြေနဲ့ နီးတဲ့ ရွာတော်တော်များများ ပါတယ်။ ဘယ်သူမှ လက်ရှိတော့ ရွာထဲကိုပြန်သွား မကြည့်ရဲသေး ဘူး။ ရွာတွေမှာက ဘယ်သူမှ မရှိဘူးလေ။ အကုန်ထွက်ပြေးလာတာဆိုတော့ သူတို့က တစ်ယောက်တွေ့ပြီ ဆိုတာနဲ့ အကုန်မေးတာတွေ သက်တာတွေလုပ်မှာဆိုတော့ ဘယ်သူမှ မသွားဘူး ရွာတွေကိုလည်း ဘာတွေလုပ်နေလဲ အခုထိ ဘာမှမသိရသေးဘူး” ဟု ၎င်းဒေသခံက ဆက်ပြောပါသည်။
အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းချိန်မှစ၍ ပြည်သူများ၏ အသက်အိုးအိမ်နှင့် ပစ္စည်းများကိုလည်း အကြောင်းမရှိဘဲ လုယူခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ပြည်သူများကြား စစ်ကောင်စီအဖွဲ့အပေါ် ယုံကြည်မှု လျော့ကျလာခြင်း ဖြစ်သည်။
ဒါ့အပြင် စစ်ကောင်စီတပ်များ သွားလာရာ နေရာအနီးတွင် ရှိသည့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် လွတ်မြောက်ရာနေရာများသို့ ထွက်ပြေးတိမ်ရှောင်နေသောကြောင့် မြန်မာနိုင်ငံတွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် စစ်ဘေးရှောင် ဦးရေသည် တစ်နေ့တစ်ခြား များပြားလာသလို နယ်စပ်ဒေသများနှင့် အခြားနိုင်ငံများသို့ ခိုလှုံဝင်ရောက်လာသူများလည်း သိသိသာသာ များပြားလာကြောင်း သိရသည်။