ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ကျောင်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသားတစ်ဦးသည် ကျောင်းဝင်းအတွင်းရှိ ISH ကျောင်းဆောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ ပြုတ်ကျသေဆုံးမှုဖြစ်စဉ်သည် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဂျာမန်ဘာသာ ဒုတိယနှစ်မှ ကျောင်းသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။
“ အစ်မတို့ First Year (၂၀၁၃ ခုနှစ်) တုန်းကလည်း NB ဆောင်လေးလွှာက တစ်ယောက်ပြုတ်ကျဖူးတယ်။ မသေဘူး။ အဲ့ဒီတုန်းကတော့ မတော်တဆပြုတ်ကျတာရယ်။ ခုန်ချသတ်သေတာမျိုး မဟုတ်ဘူး။ နောက်နှစ်တော့ အဲ့ဒီကျောင်းသား ကျောင်းပြန်တက်တယ်” ဟု YUFL ကျောင်းသားဟောင်းတစ်ဦးက ပြောပြသည်။
ကျောင်းသားပြုတ်ကျသေဆုံးခဲ့သည့် ISH ကျောင်းဆောင်သည် ကျောင်းအဆောက်အအုံ ၄ လွှာတွင်ရှိပြီး ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်ကို မသိရှိရသေးပေ။
သေဆုံးသွားသည့် အဆိုပါ ကျောင်းသားအား Myanmar Ambulance Network (မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခမဲ့ လူနာတင်ယာဉ်များကွန်ရက်) ၏ အသင်းခွဲ ကံကော်မြေ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။