စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နံနက် ၇ နာရီက စတင်ကာ နံနက် ၁၀ နာရီအထိ သုံးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ စစ်ကြောင်းလာတာ သိလို့ မိုင်းကွင်းကနေ မိုင်းဆွဲဖို့ အသင့်စောင့်ဆိုင်းရင်း သူတို့က မိုင်းကွင်းကို ကွင်းပြီး ပွိုင့် ၂/၃ကြောင်း ခွဲထွက်လာတာ အဝိုင်းခံရတော့မယ်ဆိုတာ သိလို့ နောက်ဆုတ်ချိန် သူတို့က မြင်သွားပြီး ပစ်တဲ့အနေအထားမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာ” ဟု Chindwin Galone Yarzar Guerrilla Defense Force ၏ တာဝန်ရှိသူမှ ပြောသည်။
စစ်ကောင်စီတပ်များသည် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ထွက်လာသော စစ်ကြောင်းဖြစ် တိုက်ပွဲဖြစ်ပြီး ချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှ အရှေ့ဘက်ကမ်း မုံရွာကို ကူးသွားပြီ ဖြစ်ကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးဘက်မှ မောင်းပြန်ရိုင်ဖယ်သေနတ် ၂ လက် စွန့်လွှတ်ခဲ့ရပြီး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
“ ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်၊ အပြန်အလှန်ပစ်ခတ်မှုကြားမှာပါ၊ သူတို့ဘက်ကလဲ ဒဏ်ရာရတာတွေရှိပါတယ် အတိအကျတော့ မသိရသေးပါ” ဟု Chindwin Galone Yarzar Guerrilla Defense Force ၏ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
ပြည်သူ့ကာကွယ်ရေးဘက်မှ ဒဏ်ရာရရှိခဲ့သူ ၃ ဦး၏ လက်ရှိအခြေအနေသည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွှားခဲ့ပြီ ဖြစ်ကြောင်း ဒဏ်ရာကြောင့် အနားယူရန် လိုအပ်နေကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် Alpha Column မှ ခွဲ(၁)Alpha Special Force ၊ ခွဲ(၂)Triple Two ၊ ခွဲ(၃)Chindwin Galone Yarzar Guerrilla Defense Force ၊ ခွဲ (၄) Monywa Truth Of Force၊ ခွဲ (၅) Yinmarbin Local People’s Defence Force ၊Salingyi GZ အဖွဲ့များမှ ပူပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။