ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းအလွန်၌ ကလေးငယ်အများအပြား ဖျားနာလျက်ရှိနေကာ သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“အခုက ကလေးတွေ အရမ်းနေမကောင်းဖြစ်နေကြတယ်။ ဖျားကြတာပေါ့။ ကလေးရှိတဲ့ အိမ်တိုင်းလိုလို ဖျားကြတယ်။ အခုလည်း အိမ်က ကလေးက ဖျားနေတာပါ။ သေချာလေးတော့ ဂရုစိုက်ရတာပေါ့။ အခုရက်တွေမှာလည်း ခြင်သေးသေးလေးတွေလည်း ပေါလာတော့ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်တယ်။ အခုက ဆေးဝါးကုသမှုကလည်း ထိထိရောက်ရောက် မရသေးတော့ ပိုစိတ်ပူရတာပေါ့”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းအလွန်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီး၌ မုန်တိုင်းအလွန်ထွက်ရှိလာသော အမှိုက်များ၊ အိမ်ခြံဝန်းများနှင့် ရေမြောင်းများတွင် ရေဆိုးရေညစ်များ ဝပ်နေခြင်း စသည်တို့အပြင် မိုးရွာသွန်းခြင်းတို့ကြောင့် ခြင်ပေါက်ဖွားမှုနှုန်း ပိုများလာကြောင်းလည်း သိရသည်။
“မုန်တိုင်းပြီးတော့ ရေဆိုးရေညစ်တွေက မဆင်းတော့ ခြင်သေးသေးလေးတွေဆို အရမ်းပေါလာတယ်။ ပြီးတော့ ကလေးတွေလည်း အခုရက်ပိုင်းက အရမ်းဖျားကြတယ်။ အဲ့ဒီကနေ သွေးလွန်တုပ်ကွေးဆိုတဲ့ အဆင့်ကို ရောက်သွားမှာ ကြောက်တယ်။ သွေးလွန်တုပ်ကွေးက ဖြစ်ရင် အသက်မမီတော့ဘူးတို့ ဘာတို့လည်း ကြားဖူးတော့ ကြောက်တာပေါ့”ဟု ကျောက်တော်မြို့နယ်မှ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးနှင့် ဆင်တူပြီး အသက် ၁၅ နှစ်အောက် ကလေးငယ်များနှင့် အသက်ကြီးပိုင်းအရွယ်များတွင် အဖြစ်များကာ ပြင်းထန်လျှင် အသက်သေဆုံးနိုင်ကြောင်း သိရသည်။
ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မျက်လုံးနာကျင်ခြင်း၊ ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်း၊ ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗျို့ခြင်း၊ အန်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့ အနီအကွက်ပေါ်ခြင်း စသည့် ရောဂါလက္ခာဏာများပြသကြောင်း သိရသည်။
“သွေးလွန်တုပ်ကွေးဆိုတာက ခြင်ကတစ်ဆင့် ကူးစက်ပြီး ဖြစ်ပွားတဲ့ရောဂါပေါ့။ ရောဂါဖြစ်တဲ့သူကို ကိုက်ထားတဲ့ ခြင်က နောက်တစ်ယောက်ကို ထပ်ကိုက်မယ် အဲ့ဒီလိုကနေ အဆင့်ဆင့် ကူးပြီး ဖြစ်လာတဲ့ ရောဂါပေါ့။ အဓိကကတော့ ကလေးတွေရှိတဲ့ အိမ်တွေနဲ့ စာသင်ကျောင်းတွေမှာတော့ ခြင်ဆေးတွေကို အဓိထားပြီး ဖြန်းပေးသင့်တယ်။ ကလေးတွေ ဖျားတာဖြစ်ရင်လည်း မိဘတွေက သွေးလွန်တုပ်ကွေး သံသယနဲ့ စောင့်ကြည်ပြီး နီးစပ်တဲ့ ဆေးခန်းတွေကို ပြသသင့်တာပေါ့”ဟု ရန်ကုန်မြို့မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။
မိုခါမုန်တိုင်းအလွန်တွင် အကူအညီများ လုံလောက်စွာမရရှိသေးသည့် ဒေသခံများအနေဖြင့်လည်း မိုးရာသီတွင် ခြင်အန္တရာယ်ကာကွယ်ရန်အတွက် ခြင်ဆေးများ ဖြန်းပေးမှုပြုလုပ်ပေးရန် လိုလားကြောင်းလည်း သိရသည်။
လက်ရှိချိန်တွင် ရခိုင်ပြည်နယ်၌ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း အလွန်အားနည်းနေသေးပြီး သန့်ရှင်းသော သောက်သုံးရေ မရရှိမှု၊ အမိုးအကာများ လုံလောက်စွာမရှိမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကာ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းချိန်တွင် အအေးမိခြင်းနှင့် ဖျားနာခြင်းတို့ အဖြစ်များ ကြုံတွေ့ခံစားနေရကြောင်း သိရသည်။