ကယား(ကရင်နီ)ပြည်အား စစ်ကောင်စီတပ်မှ အင်တာနက်လိုင်း ဖြတ်တောက်ကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် အစောပိုင်းက စတင်ပြီး ကယား(ကရင်နီ)ပြည်ရှိ လွိုင်ကော်မြို့ အပါအဝင် အခြားမြို့နယ်များအား စစ်ကောင်စီတပ်မှ ဖုန်းလိုင်းဖြတ်တောက်ထားပြီး အင်တာနက်လိုင်းများပါ ပြတ်တောက်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဟုတ်တယ်။ ဒီနေ့မနက်ထဲက ဖြတ်ထားတာ။ လွိုင်ကော်မှာဆို Mytel တစ်ခုပဲ ရတယ်။ Mytel ကဒ်တွေကို ဈေးမြှင့်ပြီး ရောင်းနေကြတယ်။ လွိုင်ကော်ဆိုတာထက် တစ်ပြည်နယ်လုံး အတိုင်းတာပေါ့။ တစ်ချို့နေရာတော့ ရသေးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့ ၊ပန်ကန်းအုပ်စုရှိ နဂါးနယ်ခြားစောင့်တပ်ရုံးအား ဝင်ရောက်စီးနင်းမှုပြု မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ယခုလို ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ ပန်ကန်းကို ဝင်စီးမယ်ဆိုပြီးမှ အခုလို ဖုန်းလိုင်းတွေ ပျက်သွားတာပေါ့။ ပျက်တယ်ဆိုပေမယ့် တစ်ပြည်နယ်လုံး အပြည့် ပျက်တာ မဟုတ်ဘူး တစ်ချို့နေရာ ကွက်ကြားရတယ်။ ညီမ သူငယ်ချင်းတွေဘက်တော့ လိုင်းမိသေးတယ်။ ဒီညက လွိုင်ကော်မြို့ပြင်မှာ PDF တွေ ရှိနေတယ်ဆိုတော့ လွိုင်ကော်မှာ တိုက်ပွဲဖြစ်ရင်ဖြစ်နိုင်တယ်။ ဒီမှာက Mytel ပဲရတော့ Mytel ကဒ်တွေ ဈေးတင်ရောင်းနေတာ ကြတယ်” ဟု လွိုင်ကော်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် ခြုံကြည့်ပါက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းပြတ်တောက်မှု အဖြစ်များနေပြီး ယခုညနေအချိန် (ညနေ ၅နာရီ ၃၀မိနစ်) အထိ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။