မြန်မာပြည်တွင်း၌ ၂၆ နှစ်ကြာ ငွေချေးလုပ်ငန်း လုပ်ကိုင်နေသည့် အမေရိကန်အခြေစိုက် ငွေချေးလုပ်ငန်းဖြစ်သည့် Pact Global Microfinance Fund (PGMF) ၏ ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်များအား အနာဂတ်တွင် စစ်ကောင်စီထံ လွှဲပြောင်းပေးမှသာလျှင် မှတ်ပုံတင်အသစ် တင်ခွင့်ပြုမည်ဆိုသောကြောင့် ယခုဇွန်လကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဇွန်လ ၂၆ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရေးနဲ့ ကျားမ တန်းတူရေးကို အဓိက အထောက်အကူပြုဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်တည်းက မရပ်မနားကြိုးစားခဲ့ကြပါတယ်။ မကြာသေးခင်ကာလကလည်း အစိုးရက PGMF ရဲ့ အမြတ်အစွန်း ဝေစုတစ်ခုကို လွှဲပေးဖို့နဲ့ အနာဂတ်မှာလည်း ပိုင်ဆိုင်မှုတစ်ခုလုံးကို ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်က အမေရိကန်ရဲ့ ဥပဒေကို ချိုးဖောက်တဲ့အပြင် တခြားအကြောင်းပြချက်တွေကြောင့် လိုက်နာဖို့ မဖြစ်နိုင်လို့ ထွက်ခွာမှာ ဖြစ်ပါတယ်”ဟု PGMF၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အယ်လင်ဗာနီက ပြောကြားထားသည်။
PGMF သည် Pact Myanmar နှင့် ဆက်စပ်သော်လည်း သီးခြားအဖွဲ့အစည်းဖြစ်သည့်အတွက် Pact Myanmar ၏ စီမံကိန်းများသည် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်တွင် ထပ်မံထုတ်ပြန်ကြေညာထားသည်။
“စစ်အစိုးရတက်တည်းက ပြည်တွင်းမှာ လာလုပ်ကိုင်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက တဖြည်းဖြည်းတွေ ထွက်ကုန်ကြတာပါ။ အခုကလည်း အမေရိကန်က လုပ်ငန်းတစ်ခုထွက်တာပေါ့။ တဖြည်းဖြည်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေ ထွက်သွားရင် နိုင်ငံရဲ့ စီးပွားရေးက ဦးမော့ဖို့ထက် အနှစ် ၂၀ လောက်ကို ပြန်နောက်ကျသွားတော့မှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။
စစ်ကောင်စီသည် PGMF’s ၏ လုပ်ဆောင်ချက်များအား ကန့်သတ်ထားသည့်အပြင် ချေးငွေအသစ်များ ထောက်ပံ့ခြင်းကိုလည်း တားမြစ်ထားခြင်းဖြစ်သည်။ ထို့အပြင် Pact Myanmar၏ အဖွဲ့ခေါင်းဆောင်ကိုလည်း ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားသလို မြန်မာနိုင်ငံမှလည်း ထွက်ခွာရန် သို့မဟုတ် တရားမဝင်လုပ်ဆောင်ရန်အတွက် အတင်းအကျပ် တွန်းအားပေးခံခဲ့ရကြောင်း သိရသည်။
လက်ရှိချိန်တွင် မြန်မာနိုင်ငံရှိ လူပေါင်းကိုးသိန်းနီးပါးထံမှ အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် ရရှိရန်ရှိနေသော်လည်း လုပ်ငန်းပိတ်သိမ်းမည်ဖြစ်သောကြောင့် ပြန်ဆပ်ရန် မလိုကြောင်းလည်း PGMF မှ ကြေညာထားသည်။
“အန်တီက အရင်ကလည်း ဒီလိုအဖွဲ့အစည်းတွေဆီကနေ ငွေချေးဖူးတယ်။ ဒီအဖွဲ့တွေက ရွာထဲက ငွေချေးတဲ့သူတွေထက် အတိုးနှုန်းသက်သာတယ်။ နားပူနားဆာလည်း မရှိဘူးလေ။ PGMF ကနေ ၆ လတစ်ကြိမ် ပြန်ဆပ်တဲ့နှုန်းနဲ့ ယူထားတာ။ စုငွေသဘောမျိုးစုပြီးမှ ပြန်ဆပ်ရတာ။ ၁၅ ရက်တစ်ခါနဲ့ တစ်လကို ၂ ခါဆပ်ရတယ်။ ၆ လပြည့်ရင် ကိုယ်ယူထားတဲ့ ပမာဏပြည့်တယ်ပေါ့။ ဒီလိုနည်းနဲ့ ချေးတာ အဆင်လည်းပြေတယ်။ အခုလိုထွက်ရမယ်ဆိုတော့ စိတ်မကောင်းဖြစ်တယ်လို့ပဲ ပြောရမှာပေါ့”ဟု PGMF ထံတွင် ချေးငွေယူဖူးသည့် ဧရာတီတိုင်းအတွင်းမှ ပြည်သူတစ်ဦးက ပြောသည်။
PGMF သည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အကူအညီနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီး မြန်မာပြည်မှ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ကာ ချေးငွေထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။