စစ်ကိုင်းတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာရှိ ပြည်သူ၉ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။
ဇွန်လ ၂၆ရက်နေ့ နံနက်ပိုင်း၌ လှည်းကူးမရွာနေကို ဖိုးအေးဆိုသူကို ဖမ်းဆီးသွားပြီးနောက်ယနေ့ (ဇွန်၂၇ရက်) နံနက်၅နာရီဝန်းကျင်၌ စစ်ကောင်စီတပ်က ဆိုင်ကယ်၅စီးဖြင့် ရောက်လာကာ ပြည်သူ၅ဦးအား ဖမ်းဆီးသွားကာ နေ့ခင်း၁၂နာရီခန့်တွင်လည်း နောက်ထပ် ပြည်သူ၃ဦးအား ထပ်မံဖမ်းဆီးသွားကြောင်း ဒေသခံတဦးထံကသိရသည်။
“ ရွာထဲက သတင်းပေးကြောင့် အမည်စာရင်းနှင့်တကွလာဖမ်းတာဗျ။ အားလုံး နေအိမ်တွေမှာပဲ အတိအကျ အဖမ်းခံကြရတာပါ” ဟု ၎င်းက ပြောသည်။
ယခုဖမ်းဆီးမှုမှာ ဇွန်လ ၂၄ ရက်နေ့က လှည်းကူးမရွာနှင့် ကပ်လျက် ရတနာပုံရွာက ဒလန်တစ်ဦး အရှင်းခံရခြင်းကြောင့် ဒေသခံများအား အကြောင်းမဲ့ရန်ရှာခြင်းဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြု သည်။
“လှည်းကူးမရွာက ရွာလူကြီးက အရှင်းခံရတာ ၅လ၊၆လလောက်ရှိပြီ။သူမသေခင်က ပြုစုထားတဲ့ စာရင်းအတိုင်းဖမ်းနေတယ်လို့လည်းပြောကြတယ်”ဟု လှည်းကူးမရွာနှင့် နီးစပ်သူတစ်ဦးကပြော သည်။
လာရောက်ဖမ်းဆီးသည့် စစ်တပ်သည် လှည်းကူးမရွာနှင့် ၂မိုင်ခန့်အကွာတွင်ရှိသော ဇရပ်ကြီးရွာအထိုင်ချစစ်တပ်ဖြစ်ကြောင်း သိရသည်။