စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စစ်ရှောင်တဲများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ယနေ့(ဇွန်လ ၂၇ ရက်)နံနက် ၁၁နာရီခွဲ ခန့်တွင် စစ်ကောင်စီတပ်အင်အား၅၀ခန့်သည် မော်တော် ၂ စီး ဖြင့် သရက်ပင်ဆိပ်ကျေးရွာသို့ရောက်ရှိလာကာ မြင်းလှည်းတောင် ဘုန်းကြီးကျောင်းနှင့် စစ်ရှောင်တဲများကို မီးရှို့ခဲ့ကြောင်း GZ Special Task Force-Wetlet က ထုတ်ပြန်သည်။
” ရွာထဲကို ဝင်ဝင်ချင်းမှာလည်း မီးရှို့တယ်။ ရွာကိုလည်း မီးရှို့တယ်။ အနီးအနားမှာရှိတဲ့ စစ်ရှောင်စခန်းတွေကိုလည်း မီးရှို့တယ်။ ရွာနဲ့ မနီးမဝေးကဘုန်းကြီးကျောင်း ကိုလည်း မီးရှို့တယ်” ဟု GZ Special Task Force -Wetlet တာဝန်ခံ ရဲဘော်GZ က ပြောသည်။
စစ်ကောင်စီတပ်သည် ဧရာဝတီမြစ် အရှေ့ဘက် ကမ်း စဥ့်ကူးမြို့နယ်မှနေ၍ အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်၊သရက်ပင်ဆိပ်ကျေးရွာသို့ မော်တော်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
” စစ်ရှောင်တွေက ၃ နေရာလောက်ရှိတယ်ဗျ။ တစ်နေရာနဲ့တစ်နေရာကမနီးကြဘူး။ တစ်စုထဲ မနေကြဘူး။ ဘုန်းကြီးကျောင်းတွေကလည်း လက်မခံရဲကြဘူး။ ဘုန်းကြီးကျောင်းမှာက နည်းနည်းပဲရှိတာ ၁၀ ယောက်လောက်ပဲရှိတာ။ ဒါပေမယ့် သူတိူ့စစ်ကြောင်းဝင်လာတဲ့အချိန် အကုန်ထွက်ပြေးကုန်ကြပြီဗျ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဝင်ရောက်လာခြင်းကြောင့် သရက်ပင်ဆိပ်ကျေးရွာနေ ပြည်သူ ၃၀၀ ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် သရက်ပင်ဆိပ်ရွာနှင့်မလှမ်းမကမ်းတွေ ရှိနေသေးသောကြောင့် ရွာအတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။
ယင်းစစ်ကြောင်းသည် သရက်ပင်ဆိပ်ရွာကို မီးရှို့ပြီးနောက် ငါးပတ်ချောင်းရွာကို ဆက်လက်မီးရှို့နေ ကြောင်း GZ Special Task Force –Wetlet ကဆိုသည်။