မိုခါမုန်တိုင်းအလွန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများ၌ အင်တာနက်အခက်အခဲများ ရှိနေသေးပြီး သတင်းအချက်အလက်များ သိရှိနိုင်ရန်အတွက် အင်တာနက်ရသည့် ဝေးလံသော နေရာများသို့ သွားနေကြကြောင်း သိရသည်။
“လိုင်းတွေက အရင်ကတည်းက မကောင်းဘူး။ နယ်ဘက် ရွာဘက်တွေက ပိုဆိုးတယ်။ မြို့ပေါ်တောင် လိုင်းက သိပ်ကောင်းတာမဟုတ်ဘူး။ အင်တာနက်လိုင်းက မကောင်းတာရယ်၊ ဒေတာတွေ ဈေးတက်တာရယ်နဲ့ အစုံပါပဲ အဆင်မပြေဘူး။ သတင်းတွေ ဘာတွေကို ကြည့်ချင်ရင် အချိန်အကြာကြီးစောင့်ပြီးမှ ဖတ်လို့ရတယ်။ လိုင်းတွေက H+ တောင်မ တက်ဘူး။ 4G ကတော့ ဝေးပေါ့။ ဝိုင်ဖိုင်ကလည်း နယ်ဘက်ဆိုတော့ တပ်လို့မရဘူး”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဦးမြို့နယ်တွင် MPT၊ ATOM၊ Mytel နှင့် Ooredoo ဖုန်းလိုင်းများ အသုံးပြုနေကြသော်လည်း အင်တာနက် လိုင်းဆွဲအားမှာ အဆင်မပြေဖြစ်ရသည်ဟု သိရသည်။
“MPT ကတော့ ဒီမှာ ကောင်းကောင်းမိတယ် ပြောရမလား H+ တော့ ရတယ်။ ဒါပေမယ့် မမြင်ရဘူး။ လိုင်းမကောင်းရင်လည်း သိတဲ့အတိုင်းပဲ အဆင်မပြေဘူးလေ။ တစ်ရွာတည်းမှာတောင် ရချင်တဲ့ နေရာ ရတယ် မရချင်ရင်မရဘူး။ တက်လိုက် ကျလိုက်နဲ့ ဖြစ်တယ်။ အင်တာနက်မရတော့ ဘဝကြီးက ဘာမှ သိခွင့် မရှိတော့တဲ့သူလိုပဲ”ဟု ရခိုင်ပြည်နယ် ထမရစ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့တွင် အင်တာနက်များပိတ်ထားခဲ့ပြီး အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
“အရင် အင်တာနက်ဖွင့်ပေးတည်းကလည်း ကောင်းကောင်းမမိပါဘူး။ အရင်ဖွင့်ပေးစတုန်းကတော့ H တွေ E တွေတက်တယ်။ အဲ့ဒီလိုနဲ့ သုံးလို့ပြေလိုက် မပြေလိုက်ဖြစ်နေရင်းနဲ့ အခုမုန်တိုင်းပြီးတော့ အင်တာနက်လိုင်းဆို ဖွင့်ရင် ဘာမှကို မတက်ဘူး။ အင်တာနက်သာ ဖွင့်ပြီး ဒေတာသာ ကုန်သွားတယ် ကိုယ်သိချင်တာ မသိလိုက်ရဘူး။ လိုင်းတွေက မမြင်ရဘူး။ လိုင်းကောင်းကောင်း မိတဲ့နေရာတွေဆိုလည်း ဝေးတော့ မသွားဖြစ်တော့ဘူး။ အင်တာနက်မရတော့ မုန်တိုင်းကယ်ဆယ်ရေးတွေ ဘယ်လိုလုပ်ပေးလဲ ဘာလည်း မသိရဘူး။ သတင်းတွေလည်း သိဖို့ခက်တယ်”ဟု ရခိုင် ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်အပြီး ၂ လနီးပါး ကြာသည်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရရှိရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။
“နယ်ဘက်တွေမှာက အင်တာနက်လိုင်းရတယ်။ ဒါပေမယ့် နေရာတိုင်းတော့ မရဘူး။ ရတဲ့နေရာမှာ သုံးကြရတာပေါ့။ မြို့တွေမှာကျတော့ ဝိုင်ဖိုင်တွေတပ်ထားတော့ လိုင်းသုံးရတာ အဆင်ပြေကြတယ်။ နယ်က လူတွေကတော့ ဝိုင်ဖိုင်တွေ တပ်မရဘူး။ တပ်မရတာလား မတပ်ပေးကြတာလားတော့ အတိအကျ မသိဘူး။ ကျွန်တော်တို့ရွာဆိုလည်း လိုင်းရတယ်။ ဒါပေမယ့် နှေးတယ်”ဟု ပီပင်ရင်းရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးချိန်မှ လက်ရှိချိန်ထိ ရခိုင်ပြည်နယ်အတွင်း MPT ကိုသာ အသုံးပြုနေသော်လည်း ဖုန်းလိုင်းသည် မိသည့်နေရာ ရှိသလို မမိသည့် နေရာလည်း ရှိနေကာ အင်တာနက်လိုင်းမရလျှင် သတင်းအချက်အလက်များ သိရှိရန် အဆင်မပြေမှုများဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ရခိုင်ဒေသခံများ ရာနှင့်ချီ သေဆုံးခဲ့ရသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်ခဲ့ရကာ ဒေသခံပြည်သူများအနေဖြင့် သတင်းအချတ်အလက်များသိရှိခွင့်အား လက်ရှိချိန်ထိ ဆုံးရှုံးခဲ့နေသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းမှ ဖုန်းလိုင်းဆက်သွယ်မှုများ အပြည့်အဝ ပြန်လည်ရရှိပြီဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့ ပြောကြားထားသည်။