ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် နေထိုင်သော UG ရဲဘော်တစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်ကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယနေ့အချိန်အထိ မိသားစုနှင့် အဆက်သွယ်မရရှိဘဲ သတင်းအစအနပျောက်ဆုံးနေကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် သန်လျင်ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ရဲဘော်ဘူးသီးဖမ်းဆီးခံခဲ့ရပြီးနောက် ကွင်းဆက်အဖြစ်လိုက်ကာ ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်များမှ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ နယ်မြေ ၁၀၊ သမာဓိလမ်းရှိ အဆိုပါ ရဲဘော်၏ နေအိမ်အား ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ အိမ်မှာ အိပ်နေတုန်း ဝင်ဖမ်းသွားတာဗျ။ စစ ဖမ်းတုန်းက သူ့အမေကော သူ့အစ်မရော ပါသွားတယ်။ ၃ ရက်လောက်နေတော့ သူ့အမေနဲ့ အစ်မက ပြန်လွတ်လာတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
နီးစပ်သူများက ရဲဘော်နှင့်ပတ်သက်၍ သန်လျင်မြို့နယ်ရှိ နယ်မြေခံစခန်း၌ သွားရောက်စုံစမ်းသော်လည်း သတင်းအစအန မရရှိဘဲ ရဲတပ်သားများက “ ရှိတယ်။ သေရင် အကြောင်းကြားလိုက်မယ်” ဟု ပြန်လည် ပြောဆိုကာ တွေ့ခွင့်မပေးခဲ့ဟု သိရသည်။
“ ဘယ်နေရာမှာ ဖမ်းဆီးပြီး ထောင်ချထားတယ်ဆိုတာကို သူတို့ ရဲစခန်းက ပြောပြမှ ထောင်ကျတယ်ဆိုလည်း ထောင်ဝင်စာ တွေ့လို့ ရမယ်လေ။ အခုက ဒီနေ့အထိ ဘယ်လိုမှ စုံစမ်းလို့ကို မရဘူးဖြစ်နေတာ။ သူ့မိသားစုတွေလည်း စိုးရိမ်ပြီး နေ့စဉ်စိတ်ဆင်းရဲနေရကြရတယ်။ ကျတော်လည်း ဘယ်လိုကူညီရမှန်း မသိဘူးဖြစ်နေတယ်” ဟု မိသားစုဝင်နှင့် နီးစပ်သူက ထပ်မံပြောပြသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်တော်လှန်သည့် ပြည်သူများအား နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်ညှင်းပန်းကာ ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချလျက်ရှိနေပြီး ဖမ်းဆီးခံ ပြည်သူများအနေဖြင့် ယခုလို သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည့်ဖြစ်စဉ်များလည်း မကြာခဏကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ အာဏာစသိမ်းကာလတစ်လျောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ပြည်သူ စုစုပေါင်းမှာ (၃,၆၉၂) ဦးရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ ပြည်သူ စုစုပေါင်းမှာ (၂၃,၄၄၁) ဦးရှိကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများထဲမှ (၁၉,၀၉၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆,၅၀၆) ဦးအနေဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ စစ်တမ်းများအရ သိရှိရသည်။