ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးများ တိုက်ဖျက်ရေးနေ့တွင် ကျပ်သိန်းပေါင်း ၉,၀၀၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖျက်ဆီးခဲ့ကာ ယခုငါးကြိမ်မြောက်သည် အရေအတွက်အများဆုံး ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က MPA သို့ ပြောသည်။
“ကျွန်တော်တို့ ဒီငါးနှစ်အတွင်းမှာ ဖမ်းမိတဲ့ ဘိန်းစိမ်းက ၉၃ ပိဿာကျော်၊ ဘိန်းဖြူက ၅၆ Kg နဲ့ စိတ်ကြွဆေးပြား ၃ သန်းကျော်ကို မီးရှို့ဖျက်ဆီးပါတယ်။ ၂၀၁၂ တည်းက အမျိုးသားရေးစီမံချက်အနေနဲ့ ကျွန်တော်တို့တွေ မီးရှို့တာဖြစ်ပြီး ဒါက ငါးကြိမ်မြောက်ပေါ့။ ဒီတစ်ကြိမ် မီးရှိ့တာကတော့ အများဆုံးပမာဏဖြစ်ပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ရှင်းပြသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၇ စတုတ္ထအကြိမ် မီးရှိုခဲ့ပြီး ယခုနှစ် ၂၀၂၃ တွင် ပဉ္စမအကြိမ်ဖြစ်ကြောင်းလည်း ဆိုသည်။
၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များ ထိုးစစ်ဆင်မှုကြောင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မဖျက်ဆီးနိုင်ခဲ့ဘဲ ယခုနှစ်မှသာ ပြန်လည် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးဝါးက အခုနောက်ပိုင်းဆို ကလေး၊ လူကြီး အားလုံးက လွယ်လင့်တကူ သုံးလို့ရနေတာပေါ့။ ဘာ့ကြောင့် အဲ့ဒီလိုဖြစ်လည်းဆိုရင် ထိန်းချုပ်မှု မရှိလို့ပေါ့။ ကျွန်တော်တို့ စပြီး စီမံချက်နဲ့ လုပ်တဲ့အချိန်တုန်းကတော့ အများကြီးတွေ့တယ်။ အဲ့ဒီနောက်ပိုင်း တဖြေးဖြေးလျော့ကျခဲ့ပေမယ့် ကျွန်တော်တို့အဖွဲ့ မရောက်တဲ့ နေရာတွေ၊ ဝင်ရောက်ဖို့ခက်ခဲတဲ့ နေရာတွေမှာတော့ သုံးတဲ့သူတွေ ပိုများတယ်။ ကျွန်တော်တို့ အဖွဲ့ရောက်တဲ့နေရာတွေ၊ ကျေးရွာတွေမှာဆိုရင်တော့ မူးယစ်ဆေးဖြတ်ပေးတာတွေ ပြန်လည်ထူထောင်တဲ့ စခန်းတွေကို ပို့ပေးတာတွေလုပ်တော့ သုံးစွဲသူတွေက လျော့လာပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆက်ပြောသည်။
အာဏာသိမ်းပြီး ၂ နှစ်အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ များလာကာ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်းအထိရှိကြောင်း UNODC မှ ယခုနှစ်အတွင်း ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ တောင်တန်းဒေသများတွင် ဘိန်းစိုက်ပျိုးသည့် ဧကတစ်သိန်းကျော်ထိ တိုးလာကြောင်းလည်း သိရသည်။