စစ်ကိုင်းတိုင်း၊ မြင်းမူ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ အဆောက်အအုံ၅လုံးပေါ် တိုက်ရိုက်ထိမှန်ခဲ့ကြောင်း Federal Wings ကထုတ်ပြန်သည်။
ဇွန်လ ၂၄ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များ စခန်းချတပ်စွဲထားသည့် မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအ ဆောက်အအုံ၂လုံးနှင့် ထွေအုပ်ရုံးအဆောက်အအုံ၃လုံးပေါ်သို့ ဗုံးများ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရ သည်။
“ညဘက်ကြီး အသံကျယ်ကျယ်ကို ဆက်တိုက်ကြားရတာ။ရဲစခန်းနားကကြားရတဲ့သူတွေက ရဲတွေရော ငစစ်(စစ်သား)တွေရော အော်ဟစ်ထွက်ပြေးကြတဲ့အသံ ကြားရတယ်တဲ့။အကုန်ဝရုန်း သုန်းကားပဲ။ပြီးတော့ လူနာတင်ယာဉ်တွေနဲ့ စစ်ကိုင်းဘက်သယ်သွားတယ်ထင်တယ်။သေကြတယ် ကြားတယ်။သေစာရင်းအခိုင်အမာတော့မသိရဘူး”ဟု မြင်းခြံမြို့သတင်းရင်းမြစ်ကပြောသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Federal Wings ထံသို့ MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ပြန် လည်ဖြေကြားခြင်းမရှိပေ။
မြင်းမူမြို့မရဲစခန်းနှင့်ထွေအုပ်ရုံးသည် Drone Jammer များဖြင့် ကာကွယ်ထားသောနေရာ များဖြစ်ကြောင်း Federal Wingsကထုတ်ပြန်ထားသည်။
ဒေသတွင်းတော်လှန်ရေးသတင်းများကိုဖော်ပြနေသော စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး ကမူ အီနာဂါအကြီး၂လုံး၊ အသေး၄လုံး၊ စုစုပေါင်း ဗုံးသီး ၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ မြင်းမူ ရဲစခန်းသို့ ဗုံး၂လုံးနှင့် ထွေအုပ်ရုံးသို့ ဗုံး၃လုံး တိုက်ရိုက်ကျခဲ့ပြီး ထိခိုက်ပျက်စီးမှုများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းဆိုသည်။
ယင်းစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုခံယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Federal Wingsက ဆိုသည်။
Federal Wings သည် စစ်ကိုင်းတိုင်းအတွင်း ပထမဆုံးအကြိမ် ဒရုန်းစစ်ဆင်ရေးအဖြစ် ဇွန်၁၈ရက်နှင့် ၁၉ရက်တို့တွင် စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။