မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မိုးပြန်လည် ရွာသွန်းနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် မိုးစပါးများပြန်လည် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
“မိုးက မှန်ပါပြီ။ လယ်တွေလည်း ပြန်ထွန်နေတာ ၁ ပတ်လောက်တော့ရှိနေပြီ။ ကျွန်တော်တို့ ဒီဘက်ကတော့ လယ်ထွန်တာ အကုန်စက်နဲ့ပဲ ထွန်ကြပါတယ်။ ကျွဲ၊ နွားတွေ မသုံးတာကတော့ ကြာပါပြီ။ မျိုးစပါးကလည်း အလုံအလောက်တော့ ရှိနေတော့ ပျိုးကြဲဖို့လည်း အဆင်ပြေပါတယ်။ အဓိကကတော့ မိုးလေး မှန်ဖို့ပါပဲ”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ လယ်စိုက်ပျိုးကြသော ဒေသခံတစ်ချို့အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်စဉ်က မျိုးစပါးများ ဆုံးရှုံးခြင်း၊ လယ်ယာသုံးကျွဲနွားများ ဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည့်အတွက် လက်ရှိတွင် လယ်ထွန်ရန်အတွက် လယ်ယာသုံးစက်ပစ္စည်းများအား ငှားရမ်းအသုံးပြုနေရကြောင်းလည်း သိရသည်။
“ကိုယ့်အပိုင် ကျွဲတွေ နွားတွေက မုန်တိုင်းမှာ သေကုန်တော့ အခုက စက်တွေ ငှားပြီး လယ်ထွန်ရတာပေါ့။ ငှားရတာကလည်း သူတို့အားမှ ကိုယ်က ရမှာပေါ့။ မျိုးစပါးကလည်း မရှိဆိုတော့ လယ်စိုက်ဖို့အတွက် ငွေက သူများဆီကနေ အတိုးနဲ့ ချေးရတာပေါ့။ အကုန်လုံးက အခက်အခဲတွေနဲ့ချည်းပဲ ဖြစ်ကုန်တယ်။ မျိုးစပါးကိုတော့ အစိုးရက ထောက်ပံ့မယ်လို့ ကြားပေမယ့်လည်း သူတို့ကို အားကိုးနေလို့ ဘယ်ရမလဲ“ဟု ရသေ့တောင် မြို့နယ်မှ ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးစပါးများ စိုက်ပျိုးကြသည့် လယ်မြေများသည် ပင်လယ် မြစ်ချောင်းများနှင့် နီးသည့် နေရာများတွင် ရှိသည့်အတွက် မိုခါမုန်တိုင်းဝင်ရောက်ခဲ့စဉ်တွင် ဆားငန်ရေများ ဝင်ရောက်ခဲ့သည့်အတွက် စပါးများပြန်လည် စိုက်ပျိုးနိုင်ရန် ပြန်လည် ပြုပြင်ရခြင်းများလည်း ရှိကြောင်း သိရသည်။
“မိုးက ၂ ပတ် ၃ ပတ်လောက် နောက်ကျတာဆိုတော့ စပါးရိတ်ချိန်လည်း နောက်ကျမယ်ထင်တယ်။ ပုံမှန်ဆို ၆ လပိုင်းမိုးကျရင် ၁၂ လပိုင်းဆို စပါးရိတ်ပြီလေ။ အခုနှစ်ကတော့ နည်းနည်းနောက်ကျနိုင်မယ် ထင်တယ်။ အရင်နှစ်ကလည်း မိုးစပါးစိုက်ချိန် မိုးကနည်းတော့ စပါးအထွက်နှုန်းနည်းပြီး ဈေးကောင်းမရခဲ့ဘူး။ အခုနှစ်လည်း အထွက်နှုန်းတွေကျမှာ စိုးရိမ်တာပေါ့။ မျိုးစပါးတွေကလည်း မိုခါကြောင့် ပျက်စီးတာတွေရှိတော့ စပါးအလုံအလောက်မရှိဘူး။ မျိုးစပါးရဖို့အတွက် အခက်အခဲတွေ ရှိတယ်”ဟု ရခိုင်ပြည်နယ်မှ လယ်စိုက်တောင်သူတစ်ဦးက ပြောသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရကာ လူပေါင်းရာနှင့်ချီ သေဆုံးမှု၊ လယ်ယာသုံးကျွဲနွားများ ထောင်နှင့် ချီ သေဆုံးမှုများ ဖြစ်ပွားခဲ့ရကာ မုန်တိုင်းသင့် လယ်သမားများသည် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေးအား အဓိကထား လုပ်ကိုင်သော်လည်း အခြားဒေသများကဲ့သို့ ဆည်ရေများ သုံးကာ သီးထပ်စိုက်ပျိုးခြင်းမဟုတ်ဘဲ မိုးစပါးသာလျှင် စိုက်ပျိုးကြခြင်း ဖြစ်သည်။