ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ရှိ၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် နေ့အချိန်ရော ညအချိန်များပါ နေအိမ်ထဲထိ ဝင်ရောက်ကာ ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း သိရသည်။
မကြာခင် ရက်ပိုင်းကမှ ဆိုင်ကယ်များ ခိုးယူခံခဲ့ရသည့် ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ ယခုလို ပြောပြသည်။
“ကျွန်တော်ဆိုင်မှာက ယိုးဒယားဘီးတွေပဲ ရောင်းတာ ဆိုင်ကမြို့ပေါ်မှာ ဆိုတော့ နိုင်ငံရေးအခြေအနေကြောင့် ရယ် အိမ်တောင်မပြန်ဘဲ ဆိုင်မှာပဲနေတာ၊ တံခါးတောင် နှစ်ထပ်သော့ခက်ထားတာ အရင်ကလည်း ခိုးမှုတွေရှိတော့ ခိုးခံရမှာဆိုးလို့ အရင်ကခိုးမခံရဖူးဘူး။ အခုမှခိုးခံရတာ” ဟု ဆိုင်ပိုင်ရှင်က MPA သို့ ပြောပါသည်။
၎င်းက ဆက်ပြီး ခိုးယူခံရပုံကို “ ဝင်ခိုးတဲ့အချိန်က ဇွန် ၂၃ ရက် ည ၂ နာရီလောက် ကျွန်တော်အိပ်တော့ ၁၂ ခွဲ ဖြစ်နေပြီ အိပ်မောကျတဲ့အချိန် တံခါးနှစ်ထပ်လုံးကို ဖျက်ပြီး Honda တံဆိပ် ၃စီး ခိုးသွားတာ CCTV မှတ်တမ်းပြန်ကြည့်တော့ လူ ၅ ယောက် လာခိုးတာ CCTV မှတ်တမ်းနဲ့ ရဲစခန်းသွားတိုင်တယ် ဘာမှမထူးတဲ့ အပြင် CCTV မှတ်တမ်းတွေကော CCTV ကော ညနေ ၃ နာရီလောက်မှာ လာဖြုတ်သိမ်းသွားတယ်” ဟု ဖြစ်စဉ်ကို ၎င်းက ပြောသည်။
ယခင်ကဆိုလျှင် ညပိုင်းတွင်သာ ခိုးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုဆိုလျှင် နေ့ခင်းဘက်မှာတင် ခိုးယူမှုများ ကြုံလာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အရင်က ခိုးမှုတွေက အခုလောက်မများဘူး အခုကနေ့ခင်းကြောင်တောင်ကြီးလည်း ခိုးတာ ဆိုင်ကယ်လမ်းဘေး ရပ်ထားတာတောင် ခိုးသွားတယ်။ အလုပ်သွားအလုပ်ပြန်ဆိုလည်း ဘေးကနေ ဓားထောက်ပြီး ဆိုင်ကယ်လုယှက်မှုတွေကလည်း အရင်ကထက် ပိုဆိုးလာတယ်။ အခုဆိုနေ့တိုင်း နီးပါးလောက်ကို ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဆိုင်ကယ်အခိုးခံရသည့်အခြေအနေကို သက်ဆိုင်ရာသို့ သွားရောက်တိုင်ပင်ခဲ့ဖူးသော်လည်း မည်သည့် အခြေအနေမှ အရေးယူခြင်း မရှိခဲ့ကြောင်း ဆိုင်ကယ်ပျောက်ဆုံးခဲ့ဖူးသူ တစ်ဦးမှ ယခုလို ဆိုသည်။
“ ခိုးမှုတွေ လုယှက်မှုတွေ ဖြစ်လို့ သက်ဆိုင်ရာရုံးတွေကို သွားတိုင်ပါတယ်။ သူတို့ကတော့ ကိုယ်ပစ္စည်း၊ ကိုယ်အိမ်ကိုယ်ခြံလေးတော့ သေချာဂရုစိုက်၊ နိုင်ငံရေးအခြေနေကြောင့် သူခိုးတော့ လိုက်မဖမ်းနိုင်သေးဘူး။ အဲ့ထက်အရေးကြီးတာတွေ လုပ်နေရသေးတယ်လို့ပဲ ပြောတာ ဘာမှထွေထွေထူးထူး လုပ်ပေးတာတွေ မရှိဘူး” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတနိုင်ငံလုံးတွင် ခိုးယူလုယှက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ အနုကြမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်မှ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ယခုတွင် ပိုမို၍ ပစ်မှုများ ကျူးလွန်လာကြောင်း တွေ့ရခြင်း ဖြစ်သည်။