ပုလဲမြို့နယ်အတွင်းသို့ ဇွန်လ ၈ ရက်မှစပြီး ဝင်ရောက်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြာဖြတ်တိုက်ခိုက်ပြီး အောင်မြင်မှုရကာ ပြန်လာသော ABSDF ရဲဘော်များနှင့် ပုလဲပြည်သူကာကွယ်ရေး အဖွဲ့ဝင်များကို ပုလဲမြို့နယ်ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
“ ၈ ရက်နေ့က ဆားလင်းကြီးကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်း စထိုးလာတယ် ။ သူတို့က ပုလဲထဲက ပျူရွာတွေ အတွက် ပြည်သူပိုင်ရိက္ခာတွေကို လာလုပေးတာ၊ ၁၃ ရက်နေ့က မင်းတိုင်ပင်ကျေးရွာ အနောက်ဘက်က ဦးနှောက်ရွာကို အင်မထီးဆိုတဲ့ ပျူရွာအတွက် ရိက္ခာတွေ လုသွားတယ်၊ နောက်ရက် ၁၄ ရက်နေ့မှာ ဇီဖြူကုန်း ပျူရွာအတွက် ရိက္ခာလုဖို့ မင်းတိုင်ပင် ကျေးရွာ အနီးတဝိုက်ကို ရောက်လာတုန်း ကျတော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” ဟု ABSDF စစ်ကြောင်း ၃ မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုပြည့်ဖြိုးကျော်က ပြောသည်။
စစ်ကောင်စီတပ်များသည် ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအနီးတွင် ၁၀ ရက်ကျော် လှုပ်ရှား စစ်ကြောင်း ထိုးပြီး ပြည်သူပိုင်ရိက္ခာများကို လုယက်ခဲ့ကြောင်း သိရသည်။
“ ကျတော်တို့က ကြားဖြတ်တိုက်ခိုက်တော့ သူတို့ဘက်မှာ သေဆုံးသူ ၊ ဒါဏ်ရာရသူတွေရှိတော့ သူတို့ရဲ့ အထိုင်ရွာ ဇီးဖြူကုန်းကို ပြန်လည်ဆုတ်ခွာသွားပါတယ်၊ သူတို့က အဲ့နားတဝိုက်က ကျေးရွာ က တောတဲတွေလည်း မွှေနှောက်ခဲ့ပါသေးတယ်၊ ရိက္ခာ ကောင်းကောင်းလည်း ရမသွားဘဲ ၂၃ ရက်နေ့က ဇီဖြူကုန်းရွာကနေ ဆားလင်းကြီးဘက်ကို ပြန်လည်ဆုတ်ခွာသွားပါတယ်” ဟု ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုပြည့်ဖြိုးကျော်မှ ဆက်ပြောသည်။
စစ်ကောင်စီတပ်များ နှင့် ABSDF ရဲဘော်များ၊ ပုလဲပြည့်သူ့ကာကွယ်ရေး အဖွဲ့များ အပြန်အလှန်တိုက်ခိုက်မှု တွင် စစ်ကောင်စီဘက်မှ ၅ ဦးကျကာ၊ ၇ ဦး ဒဏ်ရာရကြောင်း၊ ABSDF ရဲဘော်များနှင့် ပြည့်သူကာ ကွယ်ရေးတပ်များသည် ခြုံခိုတိုက်ခိုက်ပြီး လက်ဦးမှု ရယူနိုင်မှုကြောင့် အထိအခိုက် မရှိကြောင်း စုံစမ်းသိရသည်။
ABSDF ရဲဘော်များနှင့် ပုလဲပြည်သူ့ကာကွယ်ရေး ရဲဘော်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာ အချို့၏ ရိက္ခာများ စစ်ကောင်စီ၏ လုယက်မှုမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်းလည်း စုံစမ်း သိရသည်။
ထိုကဲ့သို့ ကာကွယ်ပေးမှုများကြောင့် ပြည်သူများက တိုက်ပွဲဝင်ရဲဘော်များအား အသိအမှတ်ပြုသည့်အနေဖြင့် အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း စုံစမ်းသိရသည်။